နောင်တော်ကြီး မက်ဆီရဲ့လမ်းစဉ်အတိုင်း Adidasနဲ့ကာလရှည်စာချုပ် ချုပ်ဆိုခဲ့တဲ့ လာမိုင်းယာမယ်
ဘာစီလိုနာတောင်ပံကစားသမားလေး လာမိုင်းယာမယ်ဟာ Adidas နဲ့ကာလရှည်စာချုပ် ချုပ်ဆိုခဲ့ပြီးနောက်မှာတော့ လီယွန်နယ်မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ဖိနပ်တစ်ရံကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။
ယခုရာသီဘောလုံးလောကမှာ အတောက်ပဆုံး လူငယ်တစ်ဦးအဖြစ် ခြေစွမ်းပြသထားနိုင်တဲ့ ယာမယ်ကို တနင်္လာနေ့က Adidas ကုမ္ပဏီဟာ ကာလရှည်စာချုပ်ချုပ်ဆိုခဲ့ပြီဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ ထို့နောက်မှာတော့ ယာမယ်က သူ့ရဲ့ဆုံးဖြတ်ချက်ဟာ ဘာစီလိုနာရဲ့ဂန္ထဝင်ကစားသမားဟောင်း လီယွန်မက်ဆီရဲ့ ဩဇာလွှမ်းမိုးမှုတွေပါဝင်နေတယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။
တောင်ပံကစားသမားက “Adidas ဟာအကောင်းဆုံး အမှတ်တံဆိပ်ဖြစ်တာကြောင့် အခုလိုပူးပေါင်းခွင့်ရခဲ့တဲ့အပေါ် ဂုဏ်ယူမိပါတယ်။ ကျွန်တော် ကြီးပြင်းလာတဲ့အချိန် ဘောလုံးပွဲတွေကြည့်တတ်စအချိန်ကတည်းက လီယွန်နယ်မက်ဆီနဲ့ Adidas တို့ရဲ့ပေါင်းစပ်မှုကို သဘောကျခဲ့ပါတယ်။ ကျွန်တော်တို့ နောက်ထပ် နှစ်ပေါင်းများစွာ လက်တွဲနိုင်မယ်လို့မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
မက်ဆီဟာ ၂၀၀၆ ခုနှစ်က Adidas နဲ့ပူးပေါင်းဖို့အတွက် Nike ကိုငြင်းပယ်ခဲ့ပြီး ယခုအခါ ယာမယ်ကလည်း မက်ဆီရဲ့ခြေရာတိုင်း အတုယူခဲ့တာဖြစ်ပါတယ်။ ထိုစဉ်က မက်ဆီဟာ အသက်-၁၉ နှစ်သာရှိသေးသော်လည်း Adidas နဲ့စာချုပ်ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ မက်ဆီနဲ့ယာမယ်တို့ဟာ လက်ကျန်ရာသီကို တူညီတဲ့ဖိနပ်တွေဝတ်ဆင်ပြီး ကုန်ဆုံးသွားတော့မှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ယာမယ်ဟာ ဘာစီလိုနာအတွက် အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ထားနိုင်ပြီး ပါရမီရှင်ကစားသမားအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ ဇာဗီရဲ့အသင်းဟာ လာမယ့် မတ်လ ၃ ရက်နေ့မှာ လာလီဂါပွဲစဉ်အဖြစ် ဘီလ်ဘာအိုနဲ့ ရင်ဆိုင်သွားမှာဖြစ်ပြီး ၁၂ ရက်နေ့မှာတော့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် နာပိုလီနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။