
ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်မှာ ဘယ်အသင်းနဲ့တွေ့ဆုံချင်သလဲ ဖွင့်ဟလာတဲ့ အမ်ဘာပေ
မန်ချက်စတာစီးတီးကို အိမ်ကွင်းဆန်တီယာဂိုဘာနေဗျူးမှာ ၃-၁ နဲ့အနိုင်ရကာ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အတွက် ဟက်ထရစ်သွင်းယူခဲ့တဲ့ ခီလီယန်အမ်ဘာပေက နောက်တစ်ဆင့်မှာ ဘယ်အသင်းနဲ့ ရင်ဆိုင်သွားချင်သလဲဆိုတာ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
ပထမအကျော့ အီတီဟတ်မှာကတည်းက မန်စီးတီးကို ၂-၃ နဲ့အနိုင်ယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာလည်း အမ်ဘာပေရဲ့ဟက်ထရစ်နဲ့အတူ ၃-၁ နဲ့အနိုင်ယူကာ နှစ်ကျော့ပေါင်းရလဒ် ၆-၃ နဲ့နောက်တစ်ဆင့်ကို ထိုက်ထိုက်တန်တန်တက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။
၁၆ သင်းအဆင့်မှာ ရီးရဲလ်မက်ဒရစ်အနေနဲ့ လက်ရှိဘွန်ဒက်စ်ဂါချန်ပီယံ လေဗာကူဆင်၊ ဒါမှမဟုတ် မြို့ခံပြိုင်ဘက် အက်သလက်တီကိုနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။ အချို့ရီးရဲလ်မက်ဒရစ်ပရိသတ်တွေအနေနဲ့ ခါးသီးရဲ့ မြို့ခံပြိုင်ဘက် အက်သလက်တီကိုနဲ့ ၁၆ သင်းအဆင့်မှာ ထိပ်တိုက်ရင်မဆိုင်လိုကြပေမယ့် အမ်ဘာပေကတော့ အက်သလက်တီကိုနဲ့တွေ့ဆုံချင်ကြောင်း ပြောကြားလာခဲ့ပါတယ်။
ယခုရာသီ ချန်ပီယံလိဂ်မှာသာမက လာလီဂါမှာပါခြေစွာနေတဲ့ အက်သလက်တီကိုဟာ အမှတ်ပေးဇယားရဲ့ တတိယနေရာမှာရပ်တည်နေပြီး ဆုဖလားအတွက် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ကို တရစပ်ဖိအားပေးထားနိုင်တာဖြစ်ပါတယ်။ သို့သော် တစ်ဖက်မှာ လေဗာကူဆင်ကလည်း ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်လှမ်းပြီး ဘွန်ဒက်စ်လီဂါမှာလည်း အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်လို့ ရီးရဲလ်မက်ဒရစ်အတွက် လွယ်ကူတဲ့ပြိုင်ဘက် ဖြစ်လာဖို့မရှိပါဘူး။
ယခု မန်စီးတီးနဲ့ပွဲစဉ်မှာ အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့တဲ့ အမ်ဘာပေက ပွဲအပြီးမှာ "ကျွန်တော်ဒီကိုလာတာ ကျွန်တော့်ရဲ့အိပ်မက်ကိုဖြည့်ဆည်းရုံသက်သက်မဟုတ်ပါဘူး။အကောင်းဆုံးကစားပြီး ခေတ်တစ်ခေတ်ကို ချန်ထားခဲ့ချင်လို့ပါ။ ကျွန်တော် ဒီကိုစရောက်တုန်းက အခုလိုပုံစံမျိုးမရှိခဲ့ပါဘူး။ ဂိုးတွေကို တတ်နိုင်သလောက်သွင်းသွားဖို့ရည်ရွယ်ထားပါတယ်"
"တကယ်လို့ ကျွန်တော်က ဂိုး ၅၀ သွင်းနိုင်တယ်ဆိုရင် မပြည့်ပြည့်အောင် သွင်းသွားမှာပါ။ ဒါမှမဟုတ် ဒီထက်ပိုသွင်းနိုင်တယ်ဆိုရင်လည်း ဒီထက်ပိုသွင်းနိုင်ဖို့ ကြိုးစားသွားပါမယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ ဂိုးတွေအများကြီးသွင်းနိုင်ခဲ့ပြီး ဆုဖလားတွေတော့ အများကြီးမရခဲ့ပါဘူး"
"ဒီညက ကျွန်တော့်အတွက် ပြီးပြည့်စုံတဲ့ ညတစ်ညပါ။ အနိုင်ရချင်ခဲ့ပြီး လိုချင်တာကို ရအောင်ယူနိုင်ခဲ့ပါတယ်။ ပရိသတ်တွေအရှေ့မှာ အခုလို စွမ်းဆောင်ရည်မျိုးပြသနိုင်ခဲ့လို့ ဂုဏ်ယူပါတယ်။ ဘာကြောင့်လဲဆိုတော့ မန်စီးတီးက အမြဲတမ်း ယှဉ်ပြိုင်ရခက်ခဲတဲ့အသင်းဖြစ်နေလို့ပါ"
"ရိုးရိုးသားသားပြောရမယ်ဆိုရင် ကျွန်တော့်အနေနဲ့ နောက်တစ်ဆင့်မှာ အက်သလက်တီကိုနဲ့တွေ့ချင်ပါတယ်။ လေဗာကူဆင်ကလည်း အသင်းကောင်းတစ်သင်းဖြစ်လို့ ဘယ်အသင်းနဲ့မဆို ခက်ခဲမှာတော့သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ခရီးမသွားဘဲ နိုင်ငံအတွင်းမှာပဲ ကစားရတာပိုကောင်းပါလိမ့်မယ်။ အသင်းက ခရီးသွားရတာ အရမ်းများနေပါပြီ။အက်သလက်တီကိုနဲ့ဆိုရင်တော့ ကျွန်တော်တို့ ခရီးသွားဖို့လိုမှာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အနေနဲ့ နောက်တစ်ဆင့်မှာ ဘယ်အသင်းနဲ့တွေ့ချင်သလဲလို့ အန်ဆယ်လော့တီကို မေးမြန်းရာမှာ "ကျွန်တော်မပြောတတ်ပါဘူး။ ရိုးရိုးသားသားပြောရမယ်ဆိုရင် အခုချိန်အထိ ဘယ်အသင်းနဲ့တွေ့ချင်သလဲ စဉ်းစားမရသေးပါဘူး။ ကျွန်တော်ပြောချင်တာကတော့ အက်သလက်တီကိုပဲဖြစ်ဖြစ်၊ လေဗာကူဆင်ပဲဖြစ်ဖြစ် ၂ သင်းစလုံးက ကျွန်တော်တို့အတွက် လေးစားရတဲ့ ပြိုင်ဘက်တွေဖြစ်လာမှာပါ" လို့ဖြေကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အတွက် ဟက်ထရစ်သွင်းယူပေးပြီး နောက်တစ်ဆင့်ကိုတက်ရောက်စေဖို့ အကူအညီပေးခဲ့တဲ့ အမ်ဘာပေကို အသင်းဖော်ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဟမ်က ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်က "အမ်ဘာပေနဲ့အတူတူကစားရတာ ကျွန်တော့်အတွက်ပါ တိုးတက်မှုရှိပါတယ်။ ကျွန်တော့်အတွက် ဘောလုံးကစားရတာက သူ့ဆီကို ဘောလုံးပေးပို့ဖို့သက်သက်ပါပဲ။ ကျွန်တော်တို့ရဲ့အလုပ်က ရှေ့တန်းက ကစားသမား ၃ ယောက်ကို နောက်ကွယ်ကနေ ကူညီနိုင်ဖို့ပါပဲ။ အမ်ဘာပေဘောလုံးရသွားတဲ့အချိန်က ပြိုင်ဘက်အသင်းအတွက် အန္တရာယ်အရှိဆုံးအချိန်လို့ပြောရပါမယ်။ ညာခြေနဲ့ရော ဘယ်ခြေနဲ့ပါ သူကအဆုံးသတ်နိုင်စွမ်းရှိတဲ့ကစားသမားပါ။ သူ အသင်းမှာအသားကျဖို့ ခက်ခဲခဲ့ပေမယ့် အခုချိန်မှာတော့ ပုံမှန်အတိုင်းခြေစွမ်းပြနေပါပြီ။ အမြင့်ပျံနေတဲ့ ကစားသမားဖြစ်နေပြီး ဒါကိုမြင်ရတာ အရမ်းကောင်းပါတယ်" လို့ပြောကြားခဲ့ပါတယ်။