
တိုက်ရိုက်အနီကတ်ပြသခံခဲ့ရပေမယ့် တစ်ပွဲသာအပယ်ခံရမယ့် အမ်ဘာပေ
ရီးရဲလ်မက်ဒရစ်စူပါစတား ခီလီယန်အမ်ဘာပေဟာ တနင်္ဂနွေနေ့က အလာဗက်စ်ကိုင ၀-၁ နဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ တိုက်ရိုက်အနီကတ်ပြသခံခဲ့ရပေမယ့် တစ်ပွဲပယ်ပြစ်ဒဏ်သာ ကျခံသွားရမှာဖြစ်လို့ ဘာစီလိုနာနဲ့ယှဉ်ပြိုင်သွားမယ့် အယ်လ်ကလက်စီကိုပွဲစဉ်ကို ပါဝင်ကစားသွားနိုင်မယ်လို့သိရပါတယ်။
ပြင်သစ်လက်ရွေးစင်ဟာ ပထမပိုင်းပွဲကစားချိန် မိနစ် ၄၀ မှာပဲ အလာဗက်စ်ကစားသမား အန်တိုနီယိုဘလန်ကိုအား ဖြတ်ထုတ်ရင်း အနီကတ်ပြသခံခဲ့ရတာဖြစ်ပါတယ်။ အမ်ဘာပေအနေနဲ့ ကာလရှည်ပွဲပယ်ခံရမယ်လို့ ယူဆခဲ့ပေမယ့် စပိန်ဘောလုံးအဖွဲ့ချုပ်ကတော့ အဆိုပါပြစ်ဒဏ်ဘောကို မတော်တဆသာဖြစ်တယ်လို့ သတ်မှတ်ခဲ့ပြီး ၁ ပွဲပယ်ပြစ်ဒဏ်သာချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကစားသမားဟာ လာမယ့်ဧပြီလ ၂၆ ရက်နေ့ ဘာစီလိုနာနဲ့ယှဉ်ပြိုင်သွားရမယ့် ကိုပါဒယ်ရေးဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်အတွက် ပါဝင်ကစားပေးသွားနိုင်မှာဖြစ်ပါတယ်။
အခုလို အမ်ဘာပေတစ်ယောက် ကာလရှည်ပွဲပယ်ပြစ်ဒဏ်မကျခံခဲ့ရခြင်းမှာ ကွင်းလယ်ဒိုင် ဆီဆာဆိုတိုဂရာဒိုကြောင့် ဖြစ်တယ်လို့သိရပြီး ဂရာဒိုဟာ သူ့ရဲ့အစီရင်ခံစာထဲမှာ ကစားသမားက ဘောလုံးကိုသာ ရည်ရွယ်ပြီးဖြတ်ထုတ်ခဲ့တယ်လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါပွဲစဉ်အဖြစ် ဘီလ်ဘာအိုနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အမ်ဘာပေတစ်ယောက် အဆိုပါပွဲစဉ်ကိုတော့ လွဲချော်သွားမှာဖြစ်ပါတယ်။