The network connection is lost.

Banner Image

ဘာစီလိုနာအတွက် အရေးပါဆုံးကစားသမားက ပီဒရီဖြစ်တယ်လို့ဆိုလိုက်တဲ့ တိုနီခရူးစ်

ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကွင်းလယ်လူဟောင်း တိုနီခရူးစ်က ဒီရာသီ ဘာစီလိုနာအတွက်အရေးပါဆုံးကစားသမားမှာ ရာဖင်ဟာနဲ့ လာမိုင်းယာမယ်လ်တို့မဟုတ်ဘဲ ပီဒရီသာဖြစ်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။  ခရူးစ်က "ပီဒရီက လက်ရှိကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူပါ။ ကျွန်တော့်အတွက်တော့ ဘာစီလိုနာအတွက် အရေးပါဆုံးကစားသမားက ပီဒရီပါပဲ။ လာမိုင်းယာမယ်လ်၊ ရာဖင်ဟာနဲ့ လီဝန်ဒေါစကီးတို့ထက် သူက ပိုပြီးတော့အရေးပါပါတယ်"

"ပွဲရဲ့အဖြေနဲ့ ရလဒ်ကို အဓိကပြောင်းလဲပေးတဲ့သူတွေက ယာမယ်လ်နဲ့ ရာဖင်ဟာတို့ဖြစ်ပေမယ့် သူတို့ အဲဒီလိုလုပ်နိုင်ဖို့ နောက်ကနေ ပံ့ပိုးပေးနေတဲ့သူက ပီဒရီပါ။ ဘယ်လိုအသင်းနဲ့ ရင်ဆိုင်ရပါစေ၊ သူက ဘာစီလိုနာအတွက် အကောင်းဆုံးခြေစွမ်းတွေကို ပြသပေးနေပါတယ်"

"ပီဒရီက ဂိုးလည်းမသွင်း၊ ဖန်တီးမှုလည်းသိပ်မလုပ်နိုင်ပေမယ့် အသင်းရဲ့လိုအပ်ချက်အတွက် အဖြေရှာပေးပါတယ်။ ဒီရာသီ ကျွန်တော်သူ့ကိုကြည့်ရသလောက် ပွဲတစ်ပွဲချင်းစီတိုင်းမှာ သူ့ရဲ့ခြေစွမ်းက အမြဲတမ်းထိပ်တန်းပါပဲ။ချန်ပီယံလိဂ်မှာမှမဟုတ်ပါဘူး။ လာလီဂါမှာဆိုရင်လည်း သူ ပိုပြီးတော့ ကြိုးစားအားထုတ်ပါတယ်"

"ဘယ်ပွဲမှာမဆို ပြိုင်ဘက်ကစားသမားတွေကို သူကျော်ဖြတ်တဲ့အကြိမ်အရေအတွက်က ပျမ်းမျှ ၁၁ ကြိမ်၊ ၁၂ ကြိမ်လောက်ရှိပါတယ်။ ကွင်းလယ်လူတစ်ယောက်အတွက် ပြိုင်ဘက်ကိုကျော်ဖြတ်ရတာက အခက်ခဲဆုံးအလုပ်ပါပဲ။ပီဒရီသာမပါဝင်ခဲ့ရင် အဲဒီပွဲမှာ ဘာစီလိုနာရဲ့ပုံစံက သိသိသာသာပြောင်းလဲသွားပါလိမ့်မယ်"

"သူ့လိုကစားပေါက်ရှိတဲ့ ကွင်းလယ်လူက များများစားစားမရှိပါဘူး။ အလိမ်အခေါက်လုပ်နိုင်ပြီး ဘောလုံးဖြန့်ကျက်မှုအားကောင်းတဲ့ ကွင်းလယ်လူဆိုတာ အရမ်းရှားပါတယ်။ သူက အသင်းကို နေရာစုံကနေ အဓိက ကူညီနေတဲ့ ကစားသမားပါ" လို့ပြောကြားခဲ့ပါတယ်။