
ပရီးမီးယားလိဂ်မှာ ဒတ်ချ်တွေရဲ့ကိုယ်စားပြု နိုင်မှုအတွက် ကျေနပ်အားရနေတဲ့ ရော်နယ်ကိုးမန်း
လာမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအတွက် နယ်သာလန်လက်ရွေးစင်အသင်းလူစာရင်းကို ရွေးချယ်ပြီးနောက် ရော်နယ်ကိုးမန်းက ပရီးမီးယားလိဂ်ကို ကမ္ဘာ့အကောင်းဆုံးပြိုင်ပွဲအဖြစ် သတ်မှတ်ခဲ့ပါတယ်။ နယ်သာလန်အသင်းက အခုနိုင်ငံတကာသီတင်းပတ်အတွင်း လာမယ့်ကြာသပတေးနေ့မှာ ပိုလန်နဲ့ ရင်ဆိုင်ကစားပြီးနောက် သုံးရက်အကြာမှာ လစ်သူရေးနီးယားနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရပါမယ်။
ဒတ်ချ်လူမျိုးနည်းပြက ပြီးခဲ့တဲ့သောကြာနေ့မှာ စက်တင်ဘာနိုင်ငံတကာသီတင်းပတ်အတွက် သူ့ရဲ့လက်ရွေးစင်ကစားသမား ၂၅ ဦးကို ကြေညာခဲ့ပြီး ဒီကစားသမားတွေအနက် ၁၃ ဦးက ပရီးမီးယားလိဂ်မှာ ပါဝင်ယှဉ်ပြိုင်နေသူတွေ ဖြစ်ပါတယ်။
ဒါ့အပြင် အခုနွေရာသီကာလမှာလည်း ရိန်ဒါစ်၊ ဟာတို၊ ဇာဗီဆိုင်မွန်စ်နဲ့ ရိုဘင်ရိုးဖ်စ်တို့လိုကစားသမားတွေ အင်္ဂလန်ဆီ ရောက်ရှိလာလို့ ပရီးမီးယားလိဂ်မှာကစားနေတဲ့ ဒတ်ချ်ကစားသမားအရေအတွက်က ၃၆ ဦးအထိ ရှိလာပါတယ်။
အသက်-၆၂ နှစ်အရွယ်နည်းပြကိုယ်တိုင်လည်း အင်္ဂလန်မှာ ဆောက်သမ်တန်၊ အဲဗာတန်တို့ကို ကိုင်တွယ်ရင်း အချိန်ကာလတစ်ခု ဖြတ်သန်းခဲ့ဖူးပါတယ်။
ကိုးမန်းက လက်ရွေးစင်အသင်းအတွက် ပရီးမီးယားလိဂ်မှာကစားနေသူတွေကို ရွေးချယ်ရတာ အလွန်လွယ်ကူလှတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပေမယ့် ပြည်တွင်းအခြေစိုက်ကစားသမားတွေအတွက်လည်း လက်ရွေးစင်ဖြစ်လာဖို့ အခွင့်အရေးရှိနေဆဲလို့ ပြောကြားခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ကိုးမန်းက “ ကျွန်တော့်အမြင်မှာတော့ ပရီးမီးယားလိဂ်သာ အကောင်းဆုံးပြိုင်ပွဲတစ်ရပ် ဖြစ်ပါတယ်။ ဒတ်ပြည်တွင်းလိဂ်ကလည်း ပြိုင်ပွဲကောင်းတစ်ခုဖြစ်ပေမယ့် ကစားသမားတွေကိုယ်တိုင် အခြားလိဂ်တစ်ခုဆီ အလျှင်အမြန်ပြောင်းရွှေ့နေကြပါတယ်။ နိုင်ငံခြားလိဂ်တွေမှာ သုံးရက်တစ်ပွဲနှုန်း စမ်းသပ်ခံရပြီး ဒါက ကိုယ့်ကို ပိုပြီးသန်မာအားကောင်းလာစေပါတယ်။ ဒါပေမဲ့ အခုလိုပြောနေတာက အမြန်ဆုံးပြောင်းရွှေ့သင့်ပြီလို့ မဆိုလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ နယ်သာလန်မှာသာ ပွဲကစားဖို့အခွင့်အရေး ရရှိနိုင်လို့ပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ကိုးမန်းက လိုက်ပ်ဇစ်မှ တော့တင်ဟမ်ဆီ ပြောင်းရွှေ့ကြေးပေါင် ၅၂ သန်းဖြင့် ရောက်ရှိသွားတဲ့ ဇာဗီဆိုင်မွန်စ်အကြောင်းကို ဆွေးနွေးခဲ့ပါတယ်။ လက်ရွေးစင်အသင်းအတွက် ၂၈ ပွဲကစား၊ ငါးဂိုးသွင်းယူပေးထားတဲ့ အသက်-၂၂ နှစ်အရွယ်ကစားသမားကို ပရီမီးယားလိဂ်မှာ အောင်မြင်မယ့်သူလို့ ကိုးမန်းက ထောက်ခံပေးခဲ့ပါတယ်။
ကိုးမန်းက “ ဒီကိစ္စကို ကျွန်တော်တို့တွေ ဇွန်လကတည်းက ပြောခဲ့ပြီးသားဖြစ်ပါတယ်။ တော့တင်ဟမ်က ဇာဗီဆိုင်မွန်စ်အတွက် ကောင်းမွန်တဲ့ပြောင်းရွှေ့မှုတစ်ခု ဖြစ်လာပါလိမ့်မယ်”လို့ ဆိုပါတယ်။