
ဒူးဒဏ်ရာကြောင့် ဂျာမနီလက်ရွေးစင်အသင်းကနေ နုတ်ထွက်ခဲ့တဲ့ ကိုင်ဟာဗက်ဇ်
အာဆင်နယ်ကြယ်ပွင့် ကိုင်ဟာဗက်ဇ်ဟာ ဒဏ်ရာကြောင့် ဂျာမနီလက်ရွေးစင်အသင်းရဲ့ လူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဟာဗက်ဇ်ဟာ ခွဲစိတ်မှုနှင့် ရင်ဆိုင်ရဖွယ်ရှိတာကြောင့် စက်တင်ဘာလမှာ စလိုဗက်ကီးယားနဲ့ မြောက်အိုင်ယာလန်တို့နဲ့ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပါဝင်မှာ မဟုတ်ပါဘူး။
ဒဏ်ရာရရှိခဲ့ပြီးနောက် ဟာဗက်ဇ်ဟာ ဘောလုံးရာသီအသစ်ရဲ့ ပထမဆုံးပွဲစဉ်မှာ ယူနိုက်တက်ကို ၁-၀ ဂိုး နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ နာရီဝက်သာ ပါဝင်ကစားနိုင်ခဲ့ပါတယ်။ စနေနေ့က လိဒ်စ်ကို ၅-၀ ဂိုး နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာတော့ ဟာဗက်ဇ် ပါဝင်ခြင်း မရှိခဲ့ကာ နည်းပြကတော့ ကစားသမားရဲ့ မပါဝင်ခဲ့ခြင်းအပေါ် ပြောဆိုထားခြင်း မရှိပါဘူး။
ဂျာမနီဘောလုံးအဖွဲ့ချုပ် ဒါရိုက်တာ ရူဒီ ဗိုလာက “သူ့အနေနဲ့ သေချာပေါက် ပါဝင်လာနိုင်မှာ မဟုတ်ပါဘူး။ သူက ဒူးဒဏ်ရာ ရထားပါတယ်”
“လာမယ့် ရက်သတ္တပတ်တွေအတွင်း ဘယ်လိုဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ခွဲစိတ်မှု လုပ်ဖို့ လိုအပ်မလား၊ ဒါမှမဟုတ် ဆေးကုသမှုနဲ့ ကုသလို့ရမလားဆိုတာ မသိသေးပါဘူး” လို့ ပြောခဲ့ပါတယ်။
ဒီဒဏ်ရာကတော့ ဟာဗက်ဇ်ရဲ့ စိတ်ပျက်စရာ ကောင်းတဲ့ဒဏ်ရာစာရင်းမှာ နောက်ထပ် အခန်းတစ်ခန်းကို ပေါင်းထည့်လိုက်သလို ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ရာသီက ဒူဘိုင်းမှာ လေ့ကျင့်ရေးဆင်းနေစဉ်အတွင်း ပေါင်ခြံဒဏ်ရာရခဲ့တဲ့အတွက် တိုက်စစ်မှူးဟာ ၃ လကြာ အနားယူခဲ့ရပါတယ်။ အခုတော့ ထပ်ပြီး အနားယူရမှာဖြစ်တဲ့အတွက် သူ့ရဲ့ရေရှည်ကြံ့ခိုင်မှုအပေါ် စိုးရိမ်မှုတွေ တိုးလာခဲ့ပါတယ်။ ဂျာမနီလက်ရွေးစင်အတွက် နောက်ဆုံး ပါဝင်ခဲ့တာကတော့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတုန်းက ဟန်ဂေရီနဲ့ ၁-၁ ဂိုး သရေကျခဲ့တဲ့ပွဲစဉ်ပဲ ဖြစ်ပါတယ်။
ဟာဗက်ဇ် ဒဏ်ရာရရှိခဲ့တာဟာ ဂန်နာတို့အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဂါဘရီယယ်လ် ဂျီးဆပ်စ်ကလည်း ဒူးဒဏ်ရာကြောင့် အနားယူနေရတဲ့အတွက် အာဆင်နယ်ရဲ့ တိုက်စစ်က အားနည်းနေပါပြီ။ တိုက်စစ်မှူးနေရာအတွက် တာဝန်ယူရမှာကတော့ ကစားသမားသစ် ဗစ်တာ ရောကရက်စ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မကြာသေးမီက ရောက်ရှိလာခဲ့တဲ့ အီဘီရီချီ အီဇီကတော့ အာဆင်နယ်ရဲ့ တိုက်စစ်အင်အားကို ကူညီနိုင်ပါလိမ့်မယ်။
ဟာဗက်ဇ်က ခွဲစိတ်မှု လုပ်စရာ မလိုဘဲ ရက်သတ္တပတ်အနည်းငယ်သာ အနားယူရလိမ့်မယ်လို့ အာဆင်နယ်က မျှော်လင့်နေပါတယ်။ အာတီတာရဲ့ အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ အရေးကြီးတဲ့ပွဲစဉ်အဖြစ် လီဗာပူးအသင်းနဲ့ ရင်ဆိုင်ရမှာပါ။