The network connection is lost.

Banner Image

အတ္တလန္တာက ကစားရခက်တဲ့အသင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုတာလာတဲ့ ယာဂင်ကလော့ပ်

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ယူရိုပါလိဂ်ကွာတားဖိုင်နယ်မှာ ရင်ဆိုင်ရမယ့် အတ္တလန္တာအသင်းဟာ ကစားရခက်တဲ့ ပြိုင်ဘက်ဖြစ်ကြောင်း သုံးသပ်ပြောဆိုလာခဲ့ပါတယ်။ လီဗာပူးရဲ့ဒီနှစ်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲဖြတ်သန်းမှုကတော့ တော်တော်လေး သာယာခဲ့ပြီး အုပ်စုအေးဆေးတက်ခဲ့သလို ၁၆သင်းအဆင့်မှာလည်း စပါတာပရာဟာကို နှစ်ကျော့ပေါင်းရလဒ် ၁၁-၂နဲ့ နိုင်ခဲ့ပါတယ်။
 
လီဗာပူးဟာ အတ္တလန္တာကို ကျော်ဖြတ်နိုင်ခဲ့ရင် ဆီမီးဖိုင်နယ်မှာ မာဆေးလ် ဒါမှမဟုတ် ဘင်ဖီကာနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ဗိုလ်လုပွဲမှာ လေဗာကူဆင်နဲ့တွေ့နိုင်တယ်ဆိုပြီး သုံးသပ်သူတွေရှိနေပါတယ်။ ဒါပေမယ့် အရင်ဆုံး အတ္တလန္တာကို အနိုင်ယူဖို့ လိုအပ်ချိန် ကလော့ပ်က စီးရီးအေကလပ်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကစားသမားတွေကို သတိပေးသွားခဲ့ပါတယ်။
 
ကလော့ပ်က "ဒီပွဲက ရှုပ်ထွေးတဲ့ပွဲစဉ်တစ်ပွဲပါ။ ကျွန်တော် သူတို့ကစားတာ အကြိမ်၁၀၀လောက် မကြည့်ဖြစ်ပေမယ့် သူတို့က စုစည်းမှုအားကောင်းပြီး ကစားရခက်တဲ့အသင်း ဖြစ်ပါတယ်။ ကျွန်တော်ကတော့ လွယ်ကူတဲ့ပြိုင်ဘက်တစ်သင်းမှ မမြင်မိပါဘူး။ အတ္တလန္တာက ပြီးခဲ့တဲ့နှစ်တွေအတွင်း လုပ်ပြနေတဲ့အရာတွေအတွက် ကျွန်တော် လေးစားမှုရှိပြီး ခြေစွမ်းလည်း အတော်လေးတည်ငြိမ်နေပါတယ်"လို့ ပြောခဲ့ပါတယ်။
 
လီဗာပူးအသင်းဟာ အတ္တလန္တာကို အဝေးကွင်းမှာ ပထမအကျော့ ကစားရမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ အန်ဖီးလ်မှာ ဧည့်ခံရမှာဖြစ်လို့ အခြေအနေအရ အသာရနေတယ်လို့ ဆိုရမှာပါ။ လီဗာပူးအသင်းဟာ ဖလားလေးလုံးလမ်းကြောင်းအတွက် နောက်ထပ်ခြေလှမ်းတစ်ခုအဖြစ် မနက်ဖြန်ညမှာ ယူနိုက်တက်နဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ကစားရမှာ ဖြစ်ပါတယ်။