ဂီတာဖေးနဲ့ပွဲက ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အပေါ် ပြောကြားလိုက်တဲ့ ဘာစီလိုနာဥက္ကဌ လာပေါ်တာ
ဂီတာဖေးနဲ့ ၁-၁ ဂိုးသေရေကျခဲ့တဲ့ပွဲမှာ ကွန်ဒီရဲ့ပင်နယ်တီကို မပေးခဲ့တဲ့ ဒိုင်ရဲ့ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ဘာစီလိုနာဥက္ကဌ လာပေါ်တာက ပြောကြားလိုက်ပါတယ်။ ပွဲကစားချိန် ၈၁ မိနစ်အရောက် ဘောလုံးရယူဖို့ကြိုးစားရာတွင် ကွန်ဒီဟာ အူချီရဲ့ ပြစ်ဒဏ်ကျူးလွန်ခြင်းကိုခံခဲ့ရတာဖြစ်ပေမယ့် ကွင်းလယ်ဒိုင်ရော VAR ကပါ ပြစ်ဒဏ်ကျူးလွန်မှုအဖြစ် မသတ်မှတ်ခဲ့တာပါ။
ဘာစီလိုနာဟာ အနိုင်ရရှိဖို့ ကြိုးစားလုပ်ဆောင်ခဲ့ပေမယ့် လာလီဂါမှာ နိုင်ပွဲပျောက်ဆုံးမှုက ၄ ပွဲအထိ ရှိလာရပြီဖြစ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ရီးရဲလ်မက်ရစ်နှင့် ၇ မှတ် ကွာဟသွားရပြီဖြစ်ပါတယ်။ "ဂီတာဖေးနဲ့ပွဲက ဒိုင်ရဲ့ဆုံးဖြတ်ချက်အပေါ် လုံးဝသဘောမတူပါဘူး။ ကွန်ဒီရဲ့ပြစ်ဒဏ်ကျူးလွန်ခြင်း ခံရတဲ့အပေါ် ပင်နယ်တီမပေးတာက တော်တော်လေးကို ဆိုးပါတယ်။ ဒါက သိသာနေတဲ့အတွက် နောက်တစ်ကြိမ် ပြန်ကြည့်သင့်တယ်လို့ ထင်ပါတယ်" လို့ တနင်္လာနေ့မှာ သတင်းထောက်တွေကို လာပေါ်တာက ပြောပါတယ်။
ဒီဇင်ဘာလတုန်းက မက်ဒရစ်ရဲ့ ဂီတာဖေးကို အနိုင်ရရှိခဲ့တဲ့ပွဲက ဖြစ်ရပ်နှင့်နှိုင်းယှဉ်ပြီး လာပေါ်တာက ထောက်ပြခဲ့ကာ ရူဒီဂါအပေါ် အယ်လန်နွန်မ်ရဲ့ ကျူးလွန်မှုကိုတော့ ပင်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့တာပါ။ ဘာစီလိုနာရဲ့ လိဂ်ပုံစံက ဖလားပွဲက ပုံစံနှင့် ကွာခြားနေပါတယ်။ သူတို့ဟာ မကြာသေးမီက ကိုပါဒဲရေးပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ၅-၂ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။
အခုတော့ ချန်ပီယံလိဂ်ဘက်သို့ ပြန်လည်အာရုံစိုက်ရတော့မှာဖြစ်ပြီး အင်္ဂါနေ့မှာ ဘင်ဖီကာရဲ့ အိမ်ကွင်းသို့သွားရောက် ကစားရမှာဖြစ်ပါတယ်။ အနိုင်ရရှိမှာသာ ၁၆ သင်းအဆင့်သို့ တိုက်ရိုက်တက်ရောက်နိုင်ဖို့ အာမခံချက်ရှိမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ခံစစ်မှူး အရူဂျိုကို အသင်းမှာဆက်ရှိဖို့ စည်းရုံးခဲ့ပြီးနောက် လူငယ်ကစားသမားအချို့ကိုလည်း ကာလရှည်စာချုပ် ချုပ်ဆိုဖို့အတွက် လုပ်ဆောင်နေပြီဖြစ်ပါတယ်။
ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ပက်ဒရီနှင့် ဂါဗီတို့ ၂ ဦးစလုံးဟာ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် နီးစပ်နေပြီဖြစ်ပါတယ်လို့ ESPN သို့ သတင်းရင်းမြစ်များက ပြောထားပါတယ်။ ပက်ဒရီရဲ့သက်တမ်းတိုးမှုကို ဖေဖော်ဝါရီလကုန်ပိုင်းမှာ ကြေညာဖွယ်ရှိနေပြီး ကလပ်ရဲ့နောက်ဆုံး ဆုံးဖြတ်ချက်အပေါ် မူတည်နေတာလည်းဖြစ်ပါတယ်။ ဒဏ်ရာပြဿများရှိခဲ့ပြီးနောက်မှာတော့ စပိန်ကလက်ရွေးစင်ကစားသမားဟာ အကောင်းဆုံးရာသီတစ်ခုကို ဖြတ်သန်းနေပါတယ်။
ယခုလမှာ ဂါစီယာက ကလပ်ကနေထွက်ခွာဖို့ရှိနေတာဖြစ်ပြီး ဂီရိုနာရဲ့ အားကစားဒါရိုက်တာကတော့ ပြီးခဲ့တဲ့ရာသီက အငှားခေါ်ယူခဲ့တဲ့ ခံစစ်မှူးကို ပြန်လည်ခေါ်ယူလိုနေကြောင်း အတည်ပြုထားပါတယ်။ "နွေရာသီမှာ သူ့ကို ကျွန်တော်တို့ ပြန်ခေါ်ချင်ပါတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကတော့ နောက်တစ်ကြိမ် ပြန်ခေါ်နိုင်ဖို့ပါ။ ဒါကလည်း ဘာစီလိုနာအပေါ် မူတည်နေပါတယ်" လို့ ဂီရိုနာ အားကစားဒါရိုက်တာက ပြောထားပါတယ်။