ယူနိုက်တက်ယာယီနည်းပြဟောင်း နစ္စတယ်ရွိုင်းနဲ့ ပြန်လည်ရင်ဆိုင်သွားရမယ့်အပေါ် တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်လာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်ဟာ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ လက်စတာနဲ့ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်တာကြောင့် နည်းပြရူဘင်အာမိုရင်အနေနဲ့ ယခုရာသီမှာပဲ အသင်းကို ယာယီကိုင်တွယ်ခဲ့တဲ့ ဗန်နစ္စတယ်ရွိုင်းနဲ့ ပြန်လည်ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ ဒါကြောင့် ပေါ်တူဂီသားက နစ္စတယ်ရွိုင်းနဲ့ ပြန်လည်တွေ့ဆုံသွားမယ့်အပေါ် တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။
လက်ရှိအက်ဖ်အေဖလား ချန်ပီယံယူနိုက်တက်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အာဆင်နယ်နဲ့ တတိယအဆင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ရာမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ထိုပွဲစဉ်မှာ ယူနိုက်တက်အတွက်ဦးဆောင်ဂိုးကို အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က စတင်သွင်းယူပေးခဲ့ပြီး အာဆင်နယ်အတွက်ချေပဂိုးကိုတော့ နောက်ခံလူ ဂါဘရီရယ်မက်ဂါဟေးစ်က ပြန်လည်သွင်းယူခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ တစ်ယောက်လျော့ယူနိုက်တက်ကို အချိန်ပိုအပါအဝင် ပွဲကစားချိန် မိနစ် ၆၀ လောက်အထိ ယှဉ်ပြိုင်ခွင့်ရခဲ့ပေမယ့် အသင်းခေါင်းဆောင်မာတင်အိုဒီဂတ်ရဲ့ပင်နယ်တီလွဲချော်မှု၊ တိုက်စစ်ပိုင်းအဆုံးသတ်မသေချာမှုတွေကြောင့် ထပ်မံဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရတာဖြစ်ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာတော့ ဂိုးသမားအယ်လ်တေးဘယင်ဒါရဲ့ လက်စွမ်းပြမှုနဲ့အတူ ယူနိုက်တက်က ၅-၃ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး စတုတ္ထအဆင့်မှာ လက်စတာနဲ့ ထိပ်တိုက်တွေ့ဆုံနေတာဖြစ်ပါတယ်။
နစ္စတယ်ရွိုင်းဟာ ယခုရာသီအစောပိုင်း ယူနိုက်တက်ရဲ့ လက်ထောက်နည်းပြရာထူးကို ရယူခဲ့ရုံမက အဲရစ်တန်ဟက်ထွက်ခွာပြီး အာမိုရင်ရောက်မလာမီ ကြားကာလတွေမှာ ယာယီနည်းပြရာထူးကို လက်ခံထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အာမိုရင်ဟာ ယူနိုက်တက်သို့စတင်ရောက်ရှိချိန်မှာ နစ္စတယ်ရွိုင်းထံကနေ အကြံဉာဏ်တစ်ချို့ရယူခဲ့ရပါတယ်။
ယခုအခါမှာ ပေါ်တူဂီသားက “ကျွန်တော်နစ္စတယ်ရွိုင်းနဲ့ပြန်တွေ့ရတော့မှာပေါ့။
ကျွန်တော် ယူနိုက်တက်ကိုမရောက်ခင်မှာ သူနဲ့စကားတွေပြောဖြစ်ခဲ့ပါတယ်။ အခုလည်း နောက်ထပ်တစ်ကြိမ် ထပ်ပြောနိုင်ဖို့မျှော်လင့်ပါတယ်။ သူက အသင်းရဲ့ဂန္ထဝင်ကစားသမားပါ။ ဒါပေမယ့် ကျွန်တော်တို့ အနိုင်ရဖို့လိုပါတယ်။ ဒီကလပ်ကို သူအရမ်းချစ်ပါတယ်။ ကျွန်တော်တို့ကလည်း ဒီကလပ်ကိုချစ်လို့ အနိုင်ရအောင်ပဲကစားသွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။
အာဆင်နယ်နဲ့ပွဲစဉ်မှာ ယူနိုက်တက်အနေနဲ့ ခြေစွမ်းအသာနဲ့မကစားနိုင်ခဲ့ပေမယ့် အာမိုရင်ကတော့ အသင်းဟာ နိုင်ပွဲနဲ့ထိုက်တန်တယ်လို့ဆိုပါတယ်။ ပေါ်တူဂီသားက “ဒီပွဲမှာ ကျွန်တော်တို့ကစားသမားတွေ အရမ်းကောင်းခဲ့ကြပါတယ်။ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တစ်ခါတလေမှာကျွန်တော်တို့က ဘောလုံးပွဲတစ်ပွဲကို နည်းဗျူဟာပိုင်းအရ ခြေစွမ်းအရနဲ့ကြည့်စရာမလိုပါဘူး။ အခြေအနေတွေက ဘာတွေဖြစ်နေဖြစ်နေ ကျွန်တော်တို့ အကောင်းဆုံးယှဉ်ပြိုင်ခဲ့ပါတယ်။ သူတို့က အခွင့်အရေးတွေပိုရခဲ့ပေမယ့် ကျွန်တော်တို့က နိုင်ပွဲအတွက်ထိုက်တန်ခဲ့တယ်လို့ ခံစားရပါတယ်။ ကျွန်တော်တို့တိုက်ပွဲဝင်ခဲ့တဲ့ပုံစံက တကယ်ကိုခက်ခဲပါတယ်။ ပွဲအစမှာကတည်းက ဘောလုံးထိန်းချုပ်နိုင်ခဲ့ခြင်းမရှိဘဲ အာဆင်နယ်ကပဲ ပွဲကိုစိုးမိုးထားခဲ့တာပါ။ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ဒီပွဲက ကျွန်တော်တို့အတွက် အရမ်းကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ကစားသမားတွေအနားယူဖို့လိုအပ်နေပမေယ့် ကျွန်တော်တို့ပွဲစဉ်တိုင်းကို အနိုင်ရဖို့လိုအပ်နေလို့ နောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားပြီးပါပြီ” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။