The network connection is lost.

Banner Image

အခုရာသီ၊ လီဗာပူးအသင်းမှာ အတော်လေးရုန်းကန်ခဲ့ရတဲ့ ကစားသမားကို ထုတ်ဖော်ပြောပြလာတဲ့ ယာဂန်ကလော့ပ်

အခုရာသီအစောပိုင်း၊ လီဗာပူးအသင်း ကွင်းလယ်ပိုင်းဆီ ဂတ်ပိုကို ပြောင်းရွှေ့ကစားစေခဲ့မှုက ကစားသမားရဲ့ယုံကြည်မှုပိုင်းအပေါ် အနည်းငယ်ထိခိုက်စေတယ်လို့ နည်းပြယာဂန်ကလော့ပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒါပေမယ့် အနီရောင်တွေရဲ့နည်းပြက ဒတ်ချ်ကစားသမားဟာ အန်ဖီးလ်ဆီ စတင်ရောက်ရှိလာချိန်မှာ ပြသခဲ့တဲ့အဆင့်အတန်းမျိုးဆီ ပြန်လာနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဂတ်ပိုက အခုညပိုင်း၊ လူတန်တောင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် ပွဲထွက်ခွင့်ရရှိဖို့ ပြင်ဆင်နေသူဖြစ်ပါတယ်။

ဂတ်ပိုက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပီအက်စ်ဗွီမှ လီဗာပူးဆီ ပြောင်းရွှေ့ကြေးပေါင် ၄၄ သန်းဖြင့် ရောက်ရှိလာပါတယ်။ သူက ပတ်ဝန်းကျင်သစ်မှာ အလျှင်အမြန်အထိုင်ကျခဲ့ပြီး ဒါဝင်နူနက်ဇ်၊ ဂျိုတာ၊ ဖာမီနိုတို့ကို ကျော်ဖြတ်ကာ အသင်းတိုက်စစ်ပိုင်းအတွက် ဦးစားပေးရွေးချယ်စရာ ဖြစ်ခဲ့ပါတယ်။

စုစုပေါင်းအားဖြင့် တိုက်စစ်မှူးက လီဗာပူးကို ပရီးမီးယားလိဂ်အဆင့်-၅ နေရာမှာ ရပ်တည်နိုင်အောင် သွင်းဂိုး ခုနစ်ဂိုးသွင်းယူရင်း ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နွေရာသီ၊ ဟန်ဒါဆန်နဲ့ ဖာဘင်ဟိုတို့ အံ့အားသင့်ဖွယ်ထွက်ခွာသွားမှုနဲ့အတူ အပြောင်းအရွှေ့ပိတ်သိမ်းချိန် အန်ဒို၊ ဂရာဗန်ဘတ်ချ်တို့ မရောက်လာခင်အထိ ဂတ်ပိုက ၂၀၂၃-၂၀၂၄ ဘောလုံးရာသီအဖွင့်ပွဲစဉ်နှစ်ခုမှာ ကွင်းလယ်လူအဖြစ် ပါဝင်ကစားခဲ့ပါတယ်။ ဒါ့အပြင် အခြားပွဲစဉ်ခြောက်ခုမှာလည်း သူက ကွင်းလယ်ပိုင်းမှာ တာဝန်ကျခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်၊ ဘရန့်ဖို့ဒ်ကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာလည်း ဂတ်ပိုက အရန်ခုံတန်းမှတဆင့် ပါဝင်ကစားခဲ့ရပြီး အခုရာသီပြိုင်ပွဲစုံ ၁၀ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂျိုတာရဲ့ဒဏ်ရာပြဿနာနဲ့အတူ နူနက်ဇ်၊ မိုဆာလက်တို့ကလည်း လူတန်နဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ မသေချာမှုကြောင့် ဂတ်ပိုက ပွဲထွက်လူစာရင်းမှာ ပါဝင်ဖို့ အဆင်သင့်ရှိနေပါတယ်။

ကလော့ပ်ကတော့ အသက်-၂၄ နှစ်အရွယ်ကစားသမားရဲ့ခြေစွမ်း ကျဆင်းမှုနဲ့ပတ်သက်လို့ တာဝန်ယူခဲ့ပြီး ကစားသမားအပေါ် ယုံကြည်ချက်မပျောက်ဆုံးခဲ့ဘူးလို့ ဖွင့်ဟလာပါတယ်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း လီဗာပူးနည်းပြကလော့ပ်က “ကိန်းဂဏန်းတွေဟာ ရာနှုန်းပြည့်မှန်ကန်ပါတယ်။ သို့မဟုတ် ပိုပြီးတောင် ကောင်းပါသေးတယ်။ ဒါပေမယ့် အခုရာသီအစောပိုင်း ဂတ်ပိုရုန်းကန်ခဲ့ရမှုတွေက ကျွန်တော်ရဲ့အမှားတွေပါပဲ။ ဂတ်ပိုက ကျွန်တော်တို့အတွက် ကွင်းလယ်ပိုင်းမှာ ကစားပေးနိုင်မလားဆိုရင် မှန်ပါတယ်၊ မတူညီတဲ့အခိုက်အတန့်တွေမှာ သူကစားနိုင်ပါတယ်။ လက်ရှိမှာရော သူ့ရဲ့နေရာက အဲ့ဒီအတိုင်းပဲလားဆိုရင် မဟုတ်ဘူးလို့ပဲ ပြောရပါလိမ့်မယ်။ ဒီနေရာရဲ့တိုက်စစ်ပိုင်းကဏ္ဍတွေအတွက် သူ အတိအကျကစားနိုင်ပေမယ့် ခံစစ်ပိုင်းနဲ့ပတ်သက်တဲ့ အရာတွေမှာတော့ သူနဲ့အသားမကျခဲ့ပါဘူး။ အဲ့ဒီအခိုက်အတန့်တွေမှာ သူ့ရဲ့ယုံကြည်မှု အတော်လေးကျဆင်းသွားတာကို မြင်တွေ့ရပါလိမ့်မယ်”

“ဒီအသင်းကို ရောက်ရောက်ချင်းမှာပဲ ဒီကောင်လေး ခြေစွမ်းပြနေတာကို မြင်တွေ့ခဲ့ရပြီး ရုတ်တရက်ဆိုသလို အဲ့ဒီအတိုင်းပုံစံတူမဖြစ်လာတာကို မြင်တွေ့လိုက်ရပါတယ်။ ဒါမျိုးတွေက ဖြစ်လေ့ရှိပြီး အနာဂတ်မှာ သူ့ကို အကူအညီတစ်ခု ပေးလာနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကာလတိုမှာတော့ ဒီလိုအကူအညီဖြစ်စေတဲ့အရာကို တိုက်ရိုက်မမြင်တွေ့နိုင်ပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ ဂတ်ပိုက တိုက်စစ်မှာကစားရင်း ခြေစွမ်းပြသနေမယ်ဆိုရင် သူ့ကို ကွင်းလယ်မှာ အသုံးချသွားဖို့ဆိုတာ မရှိသေးပါဘူး။ ဒါကို လူတွေက ယေဘုယျအားဖြင့် သတိမထားမိကြပါဘူး။ ဂတ်ပိုကို သွားမေးကြည့်မယ်ဆိုရင်လည်း သူ့ရဲ့အကောင်းဆုံးဘောလုံးရာသီမဟုတ်ဘူးလို့ ပြောပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံး သူ ဘယ်လောက်ကောင်းတဲ့ ကစားသမားဆိုတာလဲနဲ့ သူက လက်နက်တစ်ခုဆိုတာကို သိကြပါတယ်”

“ဘောလုံးကို မြေကြီးပေါ်မှာရော၊ လေထဲမှာပါ ကစားနိုင်တယ်၊ အဆုံးသတ်စွမ်းရည်ကောင်းတယ်၊ သွင်းဂိုးတွေကို အနံ့ခံနိုင်သလို ဘောလုံးနဲ့အတူ လိမ်ခေါက်ကျော်ဖြတ်နိုင်တယ်၊ ကျွန်တော်တို့အတွက် ဘောလုံးပိုင်ဆိုင်မှုကိုလည်း ထိန်းပေးထားနိုင်ပါတယ်။ ကျွန်တော်တို့ အသုံးပြုနိုင်သလို လိုလည်းလိုအပ်တဲ့ စွမ်းဆောင်ရည်ကောင်းတွေ ဂတ်ပိုဆီမှာ ရှိနေပြီး ဒါ တော်တော်လေးကောင်းပါတယ်”လို့ ပြောပါတယ်။