
ရီးရဲလ်မက်ဒရစ်ရဲ့ရာသီအဖွင့်ပွဲစဉ်ကို မရွှေ့ဆိုင်းပေးနိုင်ဘူးလို့ ပြတ်ပြတ်သားသားတုံ့ပြန်လိုက်တဲ့ လာလီဂါအဖွဲ့ချုပ်
လာလီဂါအဖွဲ့ချုပ်က သူတို့ရဲ့ရာသီအဖွင့်ပွဲစဉ်တွေကို မရွှေ့ဆိုင်းပေးခြင်းဖြင့် ရီးရဲလ်မက်ဒရစ်အတွက် အပိုအနားယူချိန်မပေးမယ့်ဆုံးဖြတ်ချက်အပေါ် ပြတ်ပြတ်သားသားရပ်တည်သွားခဲ့ပါတယ်။
Cadena SER နဲ့ AS သတင်းဌာနတို့ရဲ့အဆိုအရ အိုဆာဆူနာနဲ့ရင်ဆိုင်ရမယ့် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ အဖွင့်ပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ဆိုတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့တောင်းဆိုမှုကို လာလီဂါအဖွဲ့ချုပ်က ပယ်ချလိုက်ပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ပွဲစဉ်တွေကိုရွှေ့ဆိုင်းပေးဖို့ဆိုတာ မျှတမှုမရှိဘူးလို့ ယူဆနေတဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌတီဘက်စ်ရဲ့ယုံကြည်ချက်ကို ထပ်လောင်းအတည်ပြုပေးခဲ့ပါတယ်။
လာလီဂါအဖွဲ့ချုပ်၊ စပိန်ဘောလုံးသမားများအစည်းအရုံးနဲ့ ကလပ်အသင်းတွေအကြား သဘောတူညီမှုတစ်ခု ရရှိထားတယ်လို့ သတင်းတွေမှာဖော်ပြပေမယ့် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ၊ အဖွင့်ပွဲစဉ်တွေကို ရွှေ့ဆိုင်းပေးဖို့အထိတော့ သဘောတူညီမှုမရှိဘူးလို့ တီဘက်စ်က ငြင်းချက်ထုတ်သွားပါတယ်။ ရီးရဲလ်မက်ဒရစ်ဘက်မှ အခိုင်အမာထုတ်ပြောထားတဲ့ သဘောတူညီမှုမှာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မက်ဒရစ်အခြေစိုက်ကလပ်အသင်းနှစ်ခုအနက် တစ်ခုက ပြိုင်ပွဲရဲ့နောက်ဆုံးအဆင့်ဆီ ရောက်ရှိသွားမယ်ဆိုရင် သဘောတူညီထားတဲ့ ရက်သတ္တပတ်သုံးပတ်ကြာ အနားယူမှုရရှိဖို့အတွက် ရာသီအဖွင့်ပွဲစဉ်ကို ရွှေ့ဆိုင်းပေးရမယ်လို့ ဖော်ပြပါရှိပါတယ်။ စပိန်ဘောလုံးသမားအစည်းအရုံးကလည်း ကလပ်အသင်းကိုယ်စားလှယ်တွေဖြစ်တဲ့ ကာဗာဂျယ်လ်၊ ကိုကီတို့နဲ့ ဆွေးနွေးမှုတစ်ခုအပြီး ပွဲစဉ်ရွှေ့ဆိုင်းပေးရေးကိစ္စ ဖြေရှင်းပြီးသွားပြီလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ အခုအချိန်မှာတော့ လာလီဂါအဖွဲ့ချုပ်က စည်းနှောင်မှုရှိတဲ့သဘောတူညီမှုတစုံတရာ မရှိထားဘူးလို့ ပြတ်ပြတ်သားသားပြောလာသလို တီဘက်စ်ကလည်း ဒီကိစ္စကို လူသိရှင်ကြားအတည်ပြုခဲ့ခြင်းမရှိဘူး၊ ပွဲစဉ်ရွှေ့ဆိုင်းခြင်းဆိုင်ရာစံနှုန်းတွေနဲ့လည်း ကိုက်ညီမှုမရှိဘူးလို့ ရှင်းလင်းလာပါတယ်။ အခုကိစ္စနဲ့ပတ်သက်လို့ နောက်ဆုံးဆုံးဖြတ်ချက်ကတော့ စပိန်ဘောလုံးအဖွဲ့ချုပ်(REEF)ဆီ တိုက်ရိုက်အစီရင်ခံရမယ့် ပြိုင်ပွဲကျင်းပရေးကော်မတီဆီမှာပဲ ရှိနေပါတော့တယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ရာသီအဖွင့်ပွဲစဉ်ကို ရွှေ့ဆိုင်းဖို့ သဘောတူညီမှုတစ်ခု ရှိခဲ့ပေမယ့်လည်း ဒီကိစ္စနဲ့ပတ်သက်လို့ လာလီဂါရဲ့ရပ်တည်မှုကတော့ ဆန့်ကျင်ဘက်အစွန်းတစ်ဖက်မှာပဲ ရှိနေပြန်ပါတယ်။
တီဘက်စ်က အသစ်ပြင်ဆင်ထားတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲပုံစံနဲ့ပတ်သက်လို့ ဆန့်ကျင်ဝေဖန်ခဲ့ပြီး အနာဂတ်မှာ ဒီပြိုင်ပွဲဆက်လက်မကျင်းပနိုင်စေဖို့ တက်နိုင်သလောက်လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ ဇွန်လ၊ ပြိုင်ပွဲမစတင်ခင်ကာလမှာလည်း တီဘက်စ်က ရီးရဲလ်မက်ဒရစ် (သို့) အက်သလက်တီကိုမက်ဒရစ်တို့ရဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲခရီးစဉ်အကွာအဝေးကြောင့် လာလီဂါဘက်မှ ပြောင်းလဲချိန်ညှိမှုတွေ လုပ်ဆောင်ပေးမှာမဟုတ်ဘူးလို့ အရိပ်အမြွက်ပြောကြားခဲ့ဖူးပါတယ်။
တီဘက်စ်က “ အခုတော့ ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ရဲ့လာလီဂါဘောလုံးရာသီသစ်ကို ဘယ်အချိန်မှာစတင်မလဲဆိုတဲ့ အငြင်းပွားမှုတွေ ရှိလာပါပြီ။ ဒါက ကျွန်တော်တို့ရဲ့ပုံမှန်ပွဲစဉ်ဇယားရေးဆွဲမှုကို အနှောင့်အယှက်ဖြစ်စေပြီး ကာလလတ်အတိုင်းအတာအထိ ကျွန်တော်တို့ကို ထိခိုက်စေပါတယ်။ အကယ်၍ ရီးရဲလ်မက်ဒရစ်၊ အက်သလက်တီကိုမက်ဒရစ်တို့ရဲ့လာလီဂါဘောလုံးရာသီသစ်ကို ကစားသမားတွေ အနားယူနိုင်ရေးအလို့ငှာ နောက်ကျမှစတင်မယ်လို့ ဆုံးဖြတ်ရင် ဒါက ကျွန်တော်တစ်ဦးတည်းရဲ့ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ သူတို့တွေရောက်ရှိနိုင်မယ့်ခရီးလမ်းအတိုင်းအတာအပေါ် မူတည်ပြီး ဒီကိစ္စကို အချိန်တန်မှသာ ဆုံးဖြတ်သွားရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့မနှစ်သက်လှတဲ့ အခြားပြိုင်ပွဲတွေအတွက် ကျွန်တော်တို့ရဲ့ပွဲစဉ်ဇယားရေးဆွဲမှုကို လုံးဝပြောင်းလဲပစ်လိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။ အခုမနက်ပိုင်း၊ ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာတော့ ရီးရဲလ်မက်ဒရစ်က အမြင့်ပျံနေတဲ့ပီအက်စ်ဂျီကို လေးဂိုးပြတ်အရေးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာလာခဲ့ရပါတယ်။