
ကာရာဘောင် အောင်ပွဲအပြီး ရာသီကုန်ဖလားလေးလုံး အောင်မြင်မှုနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်း ထုတ်ပြောလာတဲ့ ယာဂန်ကလော့ပ်
ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ကာရာဘောင်ဖလားကို ရယူပြီးနောက် လီဗာပူးအတွက် စီစဉ်ရေးဆွဲပေးထားတဲ့ ပွဲစဉ်ဇယားက ရာသီကုန်ဆုဖလားလေးလုံး အောင်မြင်မှု ရယူနိုင်စေဖို့ အခက်အခဲပဲလို့ နည်းပြယာဂန်ကလော့ပ်က ယုံကြည်နေပါတယ်။
အသင်းကပ္ပတိန်ဗန်ဒိုက်ရဲ့ အချိန်ပိုခေါင်းတိုက်သွင်းဂိုးနဲ့အတူ လီဗာပူးက ချဲလ်ဆီးကို ကျော်ဖြတ်ကာ ကာရာဘောင်ဖလားကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဘောလုံးလောကရဲ့ ဆွေးနွေးမှုတွေက အခုရာသီ၊ ယူရိုပါလိဂ်၊ ပရီးယားလိဂ်နဲ့ အက်ဖ်အေဖလားပြိုင်ပွဲမှာ အောင်ပွဲရယူနိုင်ဖို့ အခွင့်အရေးရှိနေဆဲ လီဗာပူးရဲ့ ဖလားလေးလုံးချန်ပီယံလမ်းကြောင်းကို ပြန်လည်ဖော်ထုတ်လာပါတယ်။
ကာရာဘောင်အောင်ပွဲအပြီး ချက်ချင်းဆိုသလိုပဲ နောက်ထပ်ပြည်တွင်းဖလား ပွဲစဉ်အဖြစ် ဆောက်သမ်တန်ကို အိမ်ကွင်းအန်ဖီးလ်မှာ လီဗာပူးက အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ် ဧည့်ခံကစားရပါမယ်။ ဆုဖလားလေးလုံး အောင်မြင်မှုနဲ့အတူ လီဗာပူးနည်းပြဘဝကို ခမ်းခမ်းနားနားပိတ်သိမ်းနိုင်မယ့် အခွင့်အလမ်းအကြောင်း beIN SPORTS သတင်းဌာနမှ မေးမြန်းလာမှုကို ကလော့ပ်ကတော့ ဖြစ်လာနိုင်ဖို့ ခက်ခဲလွန်းပါတယ်လို့ တုံ့ပြန်ပြောကြားလိုက်ပါတယ်။
ဂျာမန်သားနည်းပြကြီးက “ခင်ဗျားတို့ကသာ ဆုဖလားလေးလုံး အောင်မြင်မှုဆိုတာကို ပြောနေကြတာပါ။ ဒီနိုင်ငံမှာ ဘယ်သူကမှ ဖလားလေးလုံးအောင်မြင်မှုရယူနိုင်သူကို မမြင်ချင်ကြပါဘူး။ ဒါကြောင့်ပဲ ဗိုလ်လုပွဲအပြီး သုံးရက်လောက်အတွင်းမှာပဲ အက်ဖ်အေဖလားနောက်တစ်ဆင့်ပွဲစဉ် ကစားစေဖို့ စီစဉ်နေကြတာလေ။ ဗုဒ္ဓဟူးညပွဲစဉ်အတွက် ဘယ်သူတွေ ပွဲထွက်နိုင်မလဲဆိုတာတောင် ကျွန်တော် မသိရသေးပါဘူး။ ဆောက်သမ်တန်အတွက်တော့ ဒီလိုအခြေအနေမှာ အကျိုးရှိလေမလား ကျွန်တော်တို့ စောင့်ကြည့်သင့်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကတော့ ဘယ်သူ့ကို ပွဲထွက်ခွင့်ပေးရမလဲဆိုတာတောင် မတွေးရသေးပါဘူး။ လီဗာပူးဂျာစီ ဝတ်ဆင်နိုင်သေးသူတစ်ဦးဦးကတော့ ဆောက်သမ်တန်နဲ့ပွဲစဉ်ကို ကစားခွင့်ရနိုင်ပါမယ်”လို့ ပြောပါတယ်။
လက်ရှိကာရာဘောင်ဖလားချန်ပီယံတွေက ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို မန်စီးတီးထက် တစ်မှတ်အသာဖြင့် ဆက်လက်ဦးဆောင်နေပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ၁၆ သင်း ရှုံးထွက်အဆင့်အဖြစ် စပါတာပရာဟာနဲ့ ယှဉ်ပြိုင်ရပါမယ်။