The network connection is lost.

Banner Image

၆၀ မှတ်ဆိုတာ ရှင်းလင်းတဲ့ဖော်ပြချက်တစ်ခုဖြစ်ပေမယ့် ရပ်တန့်နေလို့မရဘူးလို့ ဝန်ခံလိုက်တဲ့ ယာဂန်ကလော့ပ်

ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူတွေဟာ ပြိုင်ဘက်တွေဆီ ကြေညာချက်တစ်ခုကို ထုတ်ပြန်ထားပြီးဖြစ်ပေမယ့် အခြေအနေတွေ အလျှင်အမြန်ပြောင်းလဲသွားနိုင်တယ်လို့ လီဗာပူးနည်းပြယာဂန်ကလော့ပ် ယုံကြည်နေပါတယ်။

လက်ရှိမှာ လီဗာပူးက မန်စီးတီးထက် တစ်မှတ်အသာ၊ အာဆင်နယ်ထက် နှစ်မှတ်အသာ ရရှိနေပေမယ့် ကလော့ပ်ကတော့ အခုလိုနိုင်ပွဲဆက်နေမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်မှသာ ရည်မှန်းချက်ပန်းတိုင်တွေဆီ အရောက်လှမ်းနိုင်မှာဖြစ်သလို ဒဏ်ရာပြဿနာတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ သူ့အသင်းကြောင့် မရေရာတဲ့အခြေအနေတစ်ခုမှာ အသင်းလိုက်ဟန်ချက်ညီနေတဲ့ ကောင်းကျိုးကို ရရှိနေတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

 

လိဂ် ၂၆ ပွဲကစားပြီးချိန် ရမှတ် ၆၀ အထိ စုဆောင်းထားနိုင်မှုကို လွန်ခဲ့တဲ့နှစ်နှစ်တုန်းကလည်း လီဗာပူးအသင်းက စွမ်းဆောင်ခဲ့ဖူးပါတယ်။ အဲ့ဒီအခိုက်အတန့်မှာ အသင်းက မန်စီးတီးရဲ့နောက် သုံးမှတ်ပြတ်ကျန်နေသလို ဖလားလေးလုံးလမ်းကြောင်းပေါ် ရပ်တည်နေခဲ့တဲ့ ကာလလည်း ဖြစ်ပါတယ်။

အဲ့ဒီဘောလုံးရာသီမှာ လီဗာပူးက ပြည်တွင်းဖလားပြိုင်ပွဲနှစ်ခုမှာ ချန်ပီယံအဖြစ် အောင်ပွဲဆင်နိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ၉၂ မှတ်ဖြင့် ဒုတိယနေရာမှသာ ရာသီသိမ်းခဲ့ရသလို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း ရှုံးနိမ့်ခဲ့ပါတယ်။

ဒါပေမယ့် စီနီယာကစားသမား ၁၀ ဦး ဒဏ်ရာကြောင့် လက်လွှတ်ထားရခြင်းနဲ့အတူ ဘောလုံးရာသီနှစ်ခုကို နှိုင်းယှဉ်သုံးသပ်လို့ မရဘူးလို့ ကလော့ပ်က ပြောပါတယ်။

 

သူက “အခုအချိန်မှာ မန်စီးတီးထက် တစ်မှတ်အသာ၊ အာဆင်နယ်ထက် နှစ်မှတ်အသာ ရနေပေမယ့် ဒါက ဘာအဓိပ္ပါယ်မှမရှိပါဘူး။

ဘောလုံးရာသီတစ်ခုရဲ့ အခုလိုအခိုက်အတန့်မျိုးမှာ အမှတ် ၆၀ အထိ စုဆောင်းထားနိုင်မှုက ကြေညာချက်တစ်ခု ထုတ်ပြန်ထားသလိုမျိုး ဖြစ်နေပေမယ့် အရိုးသားဆုံးပြောရရင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့တောင် မသေချာသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့က ဘောလုံးပွဲတွေကို ဆက်လက်အနိုင်ရရှိအောင် လုပ်သွားတာ ပိုကောင်းပါတယ်။

ပြီးခဲ့တဲ့နှစ်နှစ်လောက်တုန်းက အသင်းလူစာရင်းဟာ ပိုပြီးသက်သောင့်သက်သာရှိတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ကျွန်တော်မှတ်မိသလောက်ဆိုရင် ပြိုင်ပွဲအရပ်ရပ်ကြား အပြောင်းအလဲတွေ ကြီးကြီးမားမားလုပ်နိုင်ခဲ့ပါတယ်။

 

ဒါကို နှိုင်းယှဉ်ကြည့်လို့တော့ မရနိုင်ပါဘူး။ ဒါပေမယ့် ဒါက အနိုင်ရရှိဖို့နဲ့ အရာရာတိုင်းအတွက် ရင်ဆိုင်တိုက်ခိုက်နိုင်တယ်ဆိုတာ ကျွန်တော်တို့ကို ပြသခဲ့ပါတယ်။

တချို့လူတွေကလည်း ဒီအပေါ်မှာ ပျော်ရွှင်ကြသလို အချို့လူတွေကလည်း မလုံလောက်သေးဘူးလို့ ပြောကြပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက်တော့ အောင်မြင်တဲ့ဘောလုံးရာသီတစ်ခု ဖြစ်ခဲ့ပြီး အခုဘောလုံးရာသီကိုလည်း အောင်မြင်တဲ့ဘောလုံးရာသီတစ်ခုအဖြစ် ဖန်တီးနိုင်မယ်လို့ မျှော်လင့်ကြည့်ကြပါစို့”လို့ ပြောပါတယ်။

 

လွန်ခဲ့တဲ့တစ်လတာကာလတုန်းက လီဗာပူးက အခုရာသီ၊ ဒုတိယမြောက်လိဂ်ရှုံးပွဲကို အမ်းမရိတ်စ်ကွင်းမှာ ကြုံတွေ့ခဲ့ရပြီးနောက် နောက်ဆုံးငါးပွဲဆက်အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်တွေထဲမှာ ကာရာဘောင်ဖလားဗိုလ်လုပွဲလည်း ပါဝင်သလို အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်လည်း ပါဝင်ပါတယ်။

ဒါပေမယ့် ကလော့ပ်ကတော့ အာဆင်နယ်ကိုအရေးနိမ့်ခဲ့မှုဟာ အသင်းအတွက် ပိုပြီးဆွဲဆောင်မှုဖြစ်စေတယ်ဆိုတဲ့ အချက်ကို ငြင်းဆန်ခဲ့ပါတယ်။

 

သူက “ရလဒ်တွေက မယုံကြည်နိုင်လောက်အောင် အရေးကြီးပေမယ့် ဒါကို အာဆင်နယ်နဲ့ပွဲစဉ်အပြီး တုံ့ပြန်မှုတစ်ခုလို့ ကျွန်တော် မပြောချင်ပါဘူး။ ပထမဆုံးအနေနဲ့ ကိုယ့်ကိုကိုယ်ပဲ တုံ့ပြန်မှုတစ်ခု ပြသသွားရပါမယ်။

တစ်ချက်တည်းပါပဲ၊ အာဆင်နယ်က အရမ်းကောင်းခဲ့သလို ကျွန်တော်တို့ကလည်း ကိုယ်လုပ်နိုင်သလောက် အကောင်းဆုံးမဖြစ်ခဲ့ဘူးဆိုတာပါပဲ။ ဒါမျိုးတွေက ဘောလုံးရာသီတစ်ခုမှာ ဖြစ်လေ့ရှိပါတယ်။

ဒါပေမယ့် ပွဲစဉ်တွေကို အနိုင်ရရှိနေမှသာ ကိုယ့်ရည်မှန်းချက်ပန်းတိုင်တွေဆီ အရောက်သွားနိုင်ပါမယ်။ ဒီလိုလုပ်နိုင်ဖို့ကတော့ တကယ့်ကို ခက်ခဲလွန်းပါတယ်။ မန်စီးတီးအရမ်းကောင်းနေချိန်မှာတောင် မလုပ်နိုင်ပါဘူး။

ကောင်းမွန်တဲ့အရာတွေကို အသုံးချသွားရပါမယ်။ ကံမကောင်းစွာနဲ့ပဲ အာဆင်နယ်နဲ့ပွဲစဉ်မှာ ကောင်းတဲ့အရာတွေ နည်းပါးခဲ့ပါတယ်။

 

ဒါပေမယ့် လာခဲ့… ကောင်လေးတွေ၊ ငါတို့ အဲ့ဒီညတုန်းကလောက် မဆိုးရွားဘူးဆိုတာ ပြသသွားရမယ်လို့ ကျွန်တော် တစ်ခါမှ မတိုက်တွန်းဖူးပါဘူး”လို့ ဆက်ပြောခဲ့ပါတယ်။