မက်ဆီရဲ့ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး အသိပေးလာတဲ့ တာတာမာတီနို
အင်တာမီယာမီနည်းပြ တာတာမာတီနိုက အသင်းရဲ့နာမည်ကျော် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ လီယွန်နယ်မက်ဆီနဲ့ လူးဝစ်ဇ်ဆွာရက်ဇ်တို့ဟာ မေဂျာလိဂ်ရာသီအဖွင့်ပွဲစဉ်အဖြစ် ရီးရဲလ်ဆော့လိတ်ခ်နဲ့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အတည်ပြုပြောကြားလာခဲ့ပါတယ်။
မက်ဆီဟာ ကလပ်ရဲ့ရာသီကြိုပွဲစဉ်တွေမှာ အများစုကို ပါဝင်ကစားနိုင်ခဲ့သော်လည်း ဒဏ်ရာပြဿနာကြောင့် လုံလောက်တဲ့ကြံ့ခိုင်မှုမျိုးကိုတော့ ထိန်းသိမ်းထားနိုင်ခြင်း မရှိပါဘူး။ တာတာမာတီနိုက မက်ဆီသာမက ဆာဂျီယိုဘက်စ်ကွက်စ်နဲ့ ဂျော်ဒီအယ်လ်ဘာတို့ကလည်း အဖွင့်ပွဲမှာ ပါဝင်ဖို့ ရာနှုန်းပြည့်ကြံ့ခိုင်မှုပြည့်ဝနေပြီလို့ ပြောကြားခဲ့ပါတယ်။
ဘက်စ်ကွက်စ်ဟာ ရာသီကြိုပွဲစဉ်တွေမှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရသော်လည်း အခုချိန်မှာတော့ ပွဲကစားဖို့ အဆင့်သင့်ဖြစ်နေပါတယ်။ ရာသီအစမှာ အကောင်းဆုံး အင်အားတွေနဲ့အတူ စတင်ဖို့မျှော်လင့်နေတဲ့ တာတာမာတီနိုအတွက် အခုလို ကစားသမားတွေရဲ့ အပြုသဘောဆောင်တဲ့ သတင်းတွေဟာ ခွန်အားဖြစ်စေမှာသေချာပါတယ်။
ပြီးခဲ့တဲ့ ရာသီက အင်တာမီယာမီအတွက် လိဂ်ဖလားအောင်မြင်မှုယူဆောင်ပေးနိုင်ခဲ့တဲ့ မက်ဆီဟာ အခုချိန်မှာတော့ သူ့ရဲ့ ဘာစီလိုနာအသင်းဖော်ဟောင်း ၃ ဦးနဲ့ ပူးပေါင်းနိုင်ခဲ့ပြီဖြစ်ပြီး ရာသီသစ်စတင်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ယခုအခါမှာတော့ ကမ္ဘာ့ဖလားဆုရှင်အနေနဲ့ ရာသီသစ်မှာ အသင်းအတွက် ဘယ်လိုဘယ်ပုံအထောက်အကူပြုသွားဦးမလဲဆိုတာ စိတ်ဝင်စားစရာအချက်တစ်ချက်အဖြစ် စောင့်ကြည့်ရဖို့ရှိနေပါတယ်။
အသင်းရဲ့ဘယ်နောက်ခံလူ ဂျော်ဒီအယ်လ်ဘာက သတင်းစာရှင်းလင်းပွဲမှာ “အခုချိန်မှာ ကျွန်တော်တို့ ဘာကိုမှအနိုင်မရသေးဘူးဆိုတာ ရှင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတိုင်းမှာ ဆုဖလားဆွတ်ခူးချင်ပါတယ်။ အခြားအသင်းတွေကလည်း ရာသီအသစ်အတွက် ပြင်ဆင်နေကြပြီဖြစ်သလို ကျွန်တော်တို့မှာလည်း အရမ်းကောင်းတဲ့အသင်းတစ်သင်းရှိနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အင်တာမီယာမီဟာ ဗုဒ္ဓဟူးနေ့မှာ ရီးရဲလ်ဆော့လိတ်ခ်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ ဒေးဗစ်ဘက်ခမ်းရဲ့အသင်းဟောင်း အယ်လ်အေဂလက်ဆီနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။