
နယူးကာဆယ်နဲ့ပွဲစဉ်မှာ ကစားသမားအပြောင်းအလဲ အများအပြားပြုလုပ်သွားမှာမဟုတ်ကြောင်း အာမိုရင်ပြောကြား
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် လိုင်ယွန်နဲ့ ယှဉ်ပြိုင်ကစားသွားရဖို့ရှိနေပမယ့် နယူးကာဆယ်နဲ့ ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကစားသမားအပြောင်းအလဲ အများအပြားပြုလုပ်သွားမှာမဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့နံနက်က လိုင်ယွန်ကို ၂-၂ နဲ့သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ ယူနိုက်တက်ဟာ နောက်ထပ်ခက်ခဲတဲ့ ပွဲစဉ်အဖြစ် နယူးကာဆယ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရဖို့ရှိနေတာဖြစ်ပါတယ်။ အာမိုရင်က သူ့အနေနဲ့ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအခြေအနေအပေါ် ဂရုစိုက်ဖို့လိုအပ်ကြောင်း ပြောကြားခဲ့ပေမယ့် အသင်းနိုင်ပွဲရဖို့အတွက်လည်း ပြင်ဆင်သွားရမယ်လို့ ဆိုပါတယ်။
ပေါ်တူဂီသားနည်းပြက “တစ်ခါတစ်ရံမှာ အနိုင်ရရှိခြင်းက နောက်ပွဲအတွက် အပြုသဘောဆောင်တဲ့ အကောင်းဆုံးပြင်ဆင်မှုဖြစ်လာနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအခြေအနေအတွက် ဂရုစိုက်ဖို့လိုပေမယ့် အနိုင်ရဖို့အတွက်လည်း ပြင်ဆင်သွားဖို့လိုပါတယ်။ ယူနိုက်တက်အတွက် ပြင်ဆင်ရာမှာ နောက်ပွဲအတွက်လည်း ထည့်စဉ်းစားနိုင်ဖို့ လိုအပ်တာတော့ အမှန်ပါပဲ”
“နယူးကာဆယ်နဲ့ပွဲစဉ်အပြီး ၃ ရက်အကြာမှာ ကျွန်တော်တို့ လိုင်ယွန်နဲ့ ထပ်ကစားသွားရမှာဖြစ်လို့ ကြားထဲမှာ လေ့ကျင့်ရေးအစီအစဉ်တွေ ပြုလုပ်သွားရဦးမှာပါ။ ဒါပေမယ့် နယူးကာဆယ်နဲ့ပွဲမှာလည်း အနိုင်ရဖို့အတွက် ကြိုးစားသွားရပါမယ်” လို့ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပေမယ့် နယူးကာဆယ်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ နယူးကာဆယ်ဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအထိ အနိုင်ရထားပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ရပ်တည်ထားနိုင်ပါတယ်။
ဆက်လက်ပြီး အာမိုရင်က “နယူးကာဆယ်မှာ ထိပ်တန်းကစားသမားတွေရှိပါတယ်။ ပြီးတော့ တည်ကန်ဘောတွေကလည်း အန္တရာယ်ရှိပါတယ်။ သူတို့က ဆုဖလားတစ်ခုကိုလည်း ဆွတ်ခူးထားနိုင်တဲ့ ချန်ပီယံတွေပါ။ ကျွန်တော်တို့အနေနဲ့ တသမတ်ဖြစ်တဲ့ခြေစွမ်းနဲ့ ဒီပွဲကို ယှဉ်ပြိုင်သွားရပါမယ်” လို့ပြောကြားခဲ့ပါတယ်။