The network connection is lost.

Banner Image

အာနိုးလ်တစ်ယောက် ရီးရဲလ်မက်ဒရစ်အသင်းသားတွေရဲ့ အထင်ကြီးလေးစားမှုကိုရရှိထားကြောင်း ပြောကြားလာတဲ့ ဘယ်လင်ဟမ်

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့် ဂျုဒ်ဘယ်လင်ဟမ်ဟာ ယခုနွေရာသီအစောပိုင်းမှာ လီဗာပူးမှ အသင်းသို့စတင်ပြောင်းရွှေ့လာခဲ့တဲ့ နောက်ခံလူ ထရန့်အလက်ဇန်းဒါးအာနိုးလ်ဟာ အသင်းဖော်သစ်တွေရဲ့ အထင်ကြီးလေးစားမှုကို ရရှိထားပြီဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။

ဘယ်လင်ဟမ်က အာနိုးလ်ဟာ အသင်းမှာအောင်မြင်မှုတွေဆွတ်ခူးနိုင်မယ်လို့ ယုံကြည်ကြောင်းနဲ့ ဖိအားတွေကို တွန်းလှန်နိုင်မှာ သေချောနေကြောင်း တွန်းအားပေးပြောကြားခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင် အာနိုးလ်ဟာ လီဗာပူးနဲ့အတူ အင်္ဂလန်မှာရနိုင်သမျှ ဆုဖလားမျိုးစုံကို သိမ်းပိုက်ရရှိခဲ့ပြီး ယခုအခါမှာတော့ ရီးရဲလ်မက်ဒရစ်နဲ့အတူ မတူညီတဲ့စိန်ခေါ်မှုကို ကြုံတွေ့ဖို့ စပိန်မြေသို့ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။ 

နိုင်ငံအသင်းဖော်ဘယ်လင်ဟမ်ကတော့ ရီးရဲလ်မက်ဒရစ်နဲ့အတူ လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးရရှိထားပြီးဖြစ်ပါတယ်။ ယခုအခါမှာ ဘယ်လင်ဟမ်က "အာနိုးလ်က အရမ်းကောင်းတဲ့ကစားသမားပါ။ အသင်းဖော်တွေက သူ့ကိုအရမ်းတော်တဲ့ကစားသမားတစ်ယောက်အနေနဲ့ရော လူကောင်းတစ်ယောက်အနေနဲ့ပါ အသိအမှတ်ပြုနေကြပါပြီ။ ပြီးတော့ သူက စပိန်လိုနည်းနည်းပြောတတ်နေတော့ ဒါကို အသင်းဖော်တွေက အထင်ကြီးနေကြပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ရီးရဲလ်မက်ဒရစ်မှာအသားကျစေဖို့နဲ့ ဖိအားတွေကိုကိုင်တွယ်နိုင်ဖို့ အာနိုးလ်ကိုဘယ်လိုအကြံပေးသလဲလို့မေးမြန်းခဲ့ရာ အင်္ဂလန်ကွင်းလယ်လူက "ကျွန်တော်ဒီကိစ္စတွေကို ကင်မရာရှေ့မှာပြောလို့မရပါဘူး။ ဒါပေမယ့် ကျွန်တော်သူ့ကို အကောင်းတွေပဲပြောပြခဲ့ပါတယ်။ ဒီကိုပြောင်းလာလို့ ဖိအားတွေက အဆမတန်မြင့်တက်လာမယ်ဆိုတာသူလည်းသိထားပြီးသားမို့လို့ ဒါတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ သူ့မှာလည်းအစီအစဉ်ရှိပြီးသားပါ။ အခုသူ့မှာ ယုံကြည်ချက်အပြည့်ရှိနေပါတယ်။ အသင်းကသူ့ကိုရလိုက်တာ တကယ်ကောင်းပါတယ်" လို့ဖြေကြားခဲ့ပါတယ်။ 

လာမယ့်စနေနေ့မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်အဖြစ် ဆဲလ်ဘတ်နဲ့ကစားသွားရမှာဖြစ်ပြီး အုပ်စုဗိုလ်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။