
စတန်းဖို့ဒ်ဘရစ်ချ်မှာ တစ်ကြိမ်မှမကစားဖူးတဲ့ ကစားသမားရဲ့စည်းရုံးသိမ်းသွင်းမှုနဲ့အတူ ချဲလ်ဆီးသို့ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့ ပီဒရို
ဘရိုက်တန်မှ ချဲလ်ဆီးသို့ ပြောင်းရွှေ့ကြေးပေါင်သန်း ၆၀ နဲ့ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး ဂျာအိုပီဒရိုက သူ့အနေနဲ့ ချဲလ်ဆီးသို့ပြောင်းရွှေ့ခဲ့ခြင်းမှာ ကစားသမားတစ်ဦးရဲ့စည်းရုံးသိမ်းသွင်းမှုကြောင့်ဖြစ်တယ်လို့ ပြောကြားလာခဲ့ပြီးအဆိုပါကစားသမားဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ တစ်ကြိမ်မှ ကစားဖူးခြင်းမရှိသေးဘူးလို့သိရပါတယ်။
ယခုနွေရာသီအတွင်း ချဲလ်ဆီးဟာ လီယမ်ဒီလပ်၊ အက်စ်တီဗာအိုဝီလီယံ၊ ဒါရီယိုအက်ဆူဂို၊ မာမာဒူဆားနဲ့ ကင်ဒရီပေ့ဇ်တို့ကို ခေါ်ယူထားခဲ့ပြီးဖြစ်ပေမယ့် ယခုအခါမှာ ပီဒရိုကိုပါ ထပ်မံခေါ်ယူခဲ့တာကြောင့် ဘဏ္ဍာငွေ သန်း ၂၀၀ ကျော်အထိ သုံးစွဲထားခဲ့ပြီဖြစ်ပါတယ်။ ပီဒရိုဟာ အင်္ဂလိပ်ဘောလုံးလောကမှာ ၅ နှစ်ကြာဖြတ်သန်းခဲ့သူဖြစ်ပြီး ဘရိုက်တန်မှာကစားခဲ့တဲ့ ၂ ရာသီအတွင်း ဂိုး ၃၀ အထိသွင်းယူနိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့ ဘရာဇီးသားဟာ သူ့ရဲ့ကစားသမားဘဝကို အဆင့်မြှင့်တင်ဖို့အတွက် ချဲလ်ဆီးသို့ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။
သို့သော်လည်း ပီဒရိုအနေနဲ့ ချဲလ်ဆီးသို့ပြောင်းရွှေ့ရာမှာ နောက်ကွယ်ကနေ တွန်းအားပေးခဲ့သူတစ်ဦးရှိခဲ့ပြီး အဆိုပါကစားသမားဟာ ချဲလ်ဆီးနဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာ စတင်လက်တွဲခဲ့ပြီး အခုချိန်အထိ စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားခွင့်မရသေးတဲ့ အန်ဒရေးဆန်းတို့စ်ဖြစ်တယ်လို့သိရပါတယ်။
ပီဒရိုက "ကျွန်တော် အန်ဒရေးနဲ့ အင်စတာဂရမ်မှာ စကားပြောဖြစ်ခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ပတ်သက်တာတွေ သူ့ကိုမေးခဲ့ပြီး ဒီက ကစားသမားတွေအကြောင်း အသင်းအကြောင်းတွေ သူကပြောပြခဲ့ပါတယ်။ ဒီတော့ကျွန်တော့်အတွက် ဒီအသင်းက ပြောင်းရွှေ့သင့်တဲ့အသင်းဆိုတာ သိခဲ့ရပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အန်ဒရေးဆန်းတို့စ်ဟာ ချဲလ်ဆီးနဲ့ချိတ်ဆက်ခဲ့ပြီးနောက် အသင်းမှာကစားခွင့်မရခဲ့ဘဲ ဗက်စ်ကိုဒဂါးမား၊ နော်တင်ဟမ်ဖောရက်စ်နဲ့ စထရာဘော့တို့မှာ အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့ရတာဖြစ်ပါတယ်။ ဆန်းတို့စ်နဲ့သာမက ပီဒရိုဟာ ချဲလ်ဆီးနောက်ခံလူဟောင်း ဒေးဗစ်လူးဝစ်ဇ်နဲ့လည်း ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး စတန်းဖို့ဒ်ဘရစ်ချ်သို့ပြောင်းရွှေ့ဖို့ တိုင်ပင်ခဲ့ပါသေးတယ်။ လက်ရှိအချိန်မှာတော့ ချဲလ်ဆီးဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်နေပြီး ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်ထားပြီဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ ၈ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုထားပြီးဖြစ်တဲ့ ပီဒရိုဟာ အသင်းနဲ့အတူ ကလပ်ကမ္ဘာ့ဖလားမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိနေတာကြောင့် ကွာတားဖိုင်နယ်ပွဲစဉ်အမီ လူစာရင်းနဲ့ ပူးပေါင်းသွားဖွယ်ရှိနေပါတယ်။
ဆက်လက်ပြီး ပီဒရိုက "ချဲလ်ဆီးမှာ အရင်ကတည်းက ကစားသမားကောင်းတွေရှိခဲ့သလို၊ အခုလည်း ကစားသမားကောင်းတွေပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် သူတို့နဲ့ပူးပေါင်းသွားရမယ့်အပေါ် အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ချဲလ်ဆီးကစားသမားတစ်ယောက်ဖြစ်ပြီဆိုရင် တွေးစရာတစ်ခုပဲရှိပါတယ်။ အဲဒါကတော့ ဘယ်အသင်းကိုမဆိုအနိုင်ယူဖို့ပါပဲ" လို့ပြောကြားခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာ ဝက်ဖို့ဒ်မှ ဘရိုက်တန်သို့ပြောင်းရွှေ့လာခဲ့တဲ့ ပီဒရိုဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း အသင်းရဲ့ အတောက်ပဆုံးကစားသမားဖြစ်ခဲ့ပြီး စုစုပေါင်း ပွဲ ၇၀ ကစားပြီးချိန်မှာ ဂိုး ၃၀ သွင်းကာ၊ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့ ပီဒရိုဟာ ဘရိုက်တန်ကစားသမားဟောင်းတွေဖြစ်တဲ့ ကိုင်စီဒို၊ ဆန်းချက်ဇ်နဲ့ မာ့ခ်ကူကူရယ်လာတို့လိုပဲ စတန်းဖို့ဒ်ဘရစ်ချ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။