The network connection is lost.

Banner Image

ပီအက်စ်ဂျီရဲ့အကောင်းဆုံးခြေစွမ်းကို ဖော်ထုတ်ပေးနိုင်သူအဖြစ် လူးဝစ်အင်းနရစ်ကို ဂုဏ်ပြုလိုက်တဲ့ နီဗက်စ်

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရှုံးထွက်အဆင့်ဆီ ဥရောပချန်ပီယံတွေ ရောက်ရှိသွားပြီးနောက် ပီအက်စ်ဂျီကြယ်ပွင့်ဂျော်အိုနီဗက်စ်ဆီမှာ နည်းပြလူးဝစ်အင်းနရစ်အတွက် ဂုဏ်ပြုချီးကျူးစကားတွေ ပြည့်နှက်လာခဲ့ပါတယ်။ ပီအက်စ်ဂျီက ဆီယက်တဲလ်ဆောင်းဒါးစ်ကို ၂-၀ ဂိုးဖြင့် အလွယ်တကူအနိုင်ယူပြီး လတ်တလောကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့နောက်ဆုံး ၁၆-သင်းရှုံးထွက်အဆင့်ဆီ တက်လှမ်းသွားခဲ့ပါတယ်။ 

ဒီပွဲစဉ်အပြီး လူငယ်ကွင်းလယ်ကစားသမားဂျော်အိုနီဗက်စ်က သူ့ရဲ့ဆရာဖြစ်သူလူးဝစ်အင်းနရစ်ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး မကြုံစဖူးအောင်ပွဲတွေရဲ့နောက်ကွယ်မှာ အသင်းရဲ့ဦးနှောက်တစ်ခုအဖြစ် လူးဝစ်အင်းနရစ်ကိုယ်တိုင် ဘယ်လိုမျိုးလုပ်ဆောင်သွားခဲ့သလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။

ပွဲစဉ်အပြီး နီဗက်စ်က “ ခက်ခဲတဲ့ပွဲစဉ်ဖြစ်ခဲ့သလို ရာသီဥတုလည်း ပူလောင်လွန်းပါတယ်။ ပြိုင်ဘက်ကလည်း အသင်းကောင်းတစ်ခုပါ။ ကျွန်တော်တို့ အနိုင်ရရှိဖို့အတွက် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနိုင်ရရှိပြီး အရမ်းပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့အသင်းနည်းပြကတော့ တကယ့်ကိုအံ့မခန်းပါပဲ။ အင်းနရစ်က ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်တွေ အကောင်းဆုံးဖြစ်လာဖို့အတွက် လိုအပ်မယ့်အရာတွေကို သင်ကြားပြသပေးပါတယ်။ သူက ကျွန်တော်တို့ကို ယုံကြည်မှုလည်း ပေးစွမ်းပါတယ်။ သူ့ရဲ့စိတ်ကူးထဲမှာ ကျွန်တော်တို့တွေ ဘောလုံးပိုင်ဆိုင်မှုရယူထားပြီး ပြိုင်ဘက်ကို ပြေးလွှားနေအောင် လုပ်စေချင်ပါတယ်။ 

တကယ်လို့  ဘောလုံးဆုံးရှုံးသွားရင်လည်း ဘောလုံးပြန်ရဖို့အတွက် အမြန်ဆုံးပြန်လုပ်သွားရပါတယ်။ ဘယ်အသင်းပဲဖြစ်နေပါစေ၊ အဲ့ဒီလိုမျိုးပဲ ယှဉ်ပြိုင်ကစားရပါတယ်။ ကျွန်တော်တို့ကစားသမားတွေကိုယ်တိုင်လည်း အဲ့ဒီအတိုင်းပဲ လုပ်ဆောင်ပါတယ်”လို့ ပြောပါတယ်။ ပြင်သစ်ချန်ပီယံတွေက ဇွန် ၂၉ ရက်၊ ရှုံးထွက်အဆင့်ပွဲစဉ်မှာ အသင်းကစားသမားဟောင်း မက်ဆီဦးဆောင်လာမယ့် အင်တာမိုင်ယာမီနဲ့ ယှဉ်ပြိုင်ကစားရပါမယ်။