The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ချင်တယ်ဆိုရင် အရေးပါတဲ့ခေါ်ယူမှု ၂ ခုလုပ်ရမယ်လို့ အာတီတာကို အကြံပေးလိုက်တဲ့ ကာရေဂါ

လီဗာပူးအသင်းဂန္ထဝင်ဟောင်း ကာရေဂါက အာဆင်နယ်အနေနဲ့ အရေးပါတဲ့ခေါ်ယူမှု ၂ ခုမလုပ်ဘူးဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
အစ်ဝှစ်တောင်းကို ၁-၀ နဲ့အနိုင်ရရှိခဲ့ပြီးနောက် အာဆင်နယ်ဟာ အဆင့် ၂ နေရာကို တက်ရောက်နိုင်ခဲ့ပြီး လီဗာပူးအသင်းနဲ့ ၆ မှတ်အကွာအနေအထားကို ရောက်လာခဲ့ပါတယ်။
စီးတီးက ရလဒ်တွေဆိုးဝါးနေသလို ချဲလ်ဆီးကလည်း မာရက်စ်ကာလက်အောက်မှာ စတင်တည်ဆောက်ဆဲဖြစ်တာကြောင့် ချန်ပီယံဆုကို လီဗာပူးအသင်းနဲ့သာ အာဆင်နယ်က အားပြိုင်ရဖို့များနေပါတယ်။

ကာရေဂါကတော့ အာဆင်နယ်အနေနဲ့ လီဗာပူးကိုကျော်ဖြတ်ပြီး ချန်ပီယံဖြစ်ချင်တယ်ဆိုရင် အရေးပါတဲ့ခေါ်ယူမှုတွေလုပ်ရမယ်လို့ ထင်မြင်နေပါတယ်။
“အာဆင်နယ်မှာ လက်ရှိကြီးမားတဲ့ဒဏ်ရာပြဿနာရှိနေပါတယ်။ သူတို့ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ အများကြီးစွမ်းဆောင်ပြထားပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ လူစာရင်းက ဒဏ်ရာပြဿနာစတင်လာခဲ့ပါပြီ။

အာတီတာအနေနဲ့ ဒုတိယရာသီဝက်မှာ အဖြေရှာဖို့လိုအပ်ပါတယ်။ သူတို့အတွေ့အကြုံတွေကနေ တည်ဆောက်ရပါမယ်။ တကယ်လို့ မတ်လအထိ ခြေစွမ်းကောင်းကို ဆက်ထိန်းနိုင်မယ်ဆိုရင် ချန်ပီယံဖြစ်နိုင်ပါတယ်။
ဒါပေမယ့် လီဗာပူးကိုကျော်ဖြတ်ဖို့ဆိုရင် အရေးပါတဲ့ခေါ်ယူမှုတွေပြုလုပ်ရပါမယ်။ လီဗာပူးအသင်းကို စိုးရိမ်တာကလည်း ဒဏ်ရာပြဿနာပါပဲ။ သူတို့ ရှောင်ရှားနိုင်တယ်ဆိုရင် လိုက်မီနိုင်ဖို့ ခက်ခဲနိုင်ပါတယ်”လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာအလယ်အထိ အာဆင်နယ်မှာ မတူညီတဲ့ကစားသမား ၁၆ ဦးဟာ ဒဏ်ရာပြဿနာကိုယ်စီရှိခဲ့တာဖြစ်ပြီး အဲ့ထဲမှာ မာတင်အိုဒီဂတ် နဲ့ ဘင်ဝှိုက်တို့လိုအရေးပါတဲ့သူတွေပါဝင်နေပါတယ်။ အခုလက်ရှိအချိန်မှာလည်း ဆာကာတစ်ယောက် တံကောက်ကြောဒဏ်ရာရရှိနေပြီး ကာလရှည်နားရတော့မှာဖြစ်ပါတယ်။

ကာရေဂါက အဆိုပါအနေအထားမှာ အာဆင်နယ်အနေနဲ့ လာမယ့်ဆောင်းဈေးကွက်မှာ လူအင်အားဖြည့်တင်းရမယ်လို့ ယုံကြည်နေပါတယ်။
“ဒီရာသီမှာ ချန်ပီယံဆုနဲ့မလွဲချော်ချင်ဘူးဆိုရင် အာဆင်နယ်အနေနဲ့ ၂၀၂၅ မှာ လန်းဆန်းနေဖို့ လိုအပ်ပါတယ်။ လီဗာပူး ၊ ချဲလ်ဆီးတို့နဲ့ယှဉ်ရင် အာဆင်နယ်တိုက်စစ်က အားနည်းနေပါတယ်။

စလော့တ်ရဲ့အသင်းမှာ တိုက်စစ်အတွက် ရွေးချယ်စရာကစားသမား ၅ ဦးအထိရှိနေသလို ချဲလ်ဆီးမှာလည်း အများကြီးပါ။ အာဆင်နယ်မှာက ဆာကာ နဲ့ ကစားသမားအနည်းငယ်ပဲရှိပါတယ်။ အခုတောင် ဆာကာက ဒဏ်ရာရရှိနေခဲ့ပါပြီ။ တိုက်စစ်ကစားသမား ၂ ဦးလောက်အနည်းဆုံးလိုအပ်ပါတယ်။ ကျွန်တော်က ဒဏ်ရာအခြေအနေအတွက် အရန်ခုံမှာလိုအပ်တာကိုပြောပြနေတာပါ”လို့ ကာရေဂါက ဆိုပါတယ်။

အာဆင်နယ်ဟာ လာမယ့်ဆောင်းဈေးကွက်မှာ ကစားသမားသစ်ခေါ်ယူနိုင်ချေမရှိပေမယ့် ဝုဗ်စတား ကန်ဟာကို ချိတ်ဆက်နေပါတယ်။