
အင်္ဂလန်လက်ရွေးစင်အသင်းအတွက် မက်ဂွါရီကိုချန်လှပ်ခဲ့ခြင်းအကြောင်းရင်းကို လူသိရှင်ကြားရှင်းပြခဲ့တဲ့ သောမတ်စ်တူချယ်
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြသောမတ်စ်တူချယ်က မတ်လအတွင်းယှဉ်ပြိုင်ကစားတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအတွက် မက်ဂွါရီကို ဘာကြောင့်မရွေးချယ်ခဲ့သလဲဆိုတာကို ရှင်းပြလာပါတယ်။ တူချယ်က အယ်လ်ဘေးနီးယား၊ လတ်ဗီးယားတို့နဲ့ရင်ဆိုင်ရတဲ့ ပွဲစဉ်တွေအတွက် ကွန်ဆာ၊ ဂူဟီ၊ ကိုလ်ဝဲလ်တို့အပြင် ပွဲကစားချိန်မရရှိခဲ့တဲ့ ဒန်ဘန်း၊ ကွင်ဆာတို့ကိုသာ ရွေးချယ်ခဲ့ပါတယ်။ မက်ဂွါရီကို ရွေးချယ်ခြင်းမရှိတာနဲ့ပတ်သက်လို့ ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရပြီး လတ်တလောဒဏ်ရာပြဿနာတွေကသာ အဓိကကျခဲ့တယ်လို့ နည်းပြတူချယ်က ရှင်းပြခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် တူချယ်က “ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကျွန်တော့်ဆီပဲ တိုက်ရိုက်တုံ့ပြန်ပေးကြဖို့ အခုစာရင်းထဲမှာမပါဝင်သူအားလုံးကို ပြောခဲ့ပါတယ်။ ဒါက အနီးကပ်အချိန်ကျမှ ချမှတ်ခဲ့ရတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ လက်ရှိအချိန်မှာ ကျွန်တော်တို့က ဂူဟီနဲ့ ကွန်ဆာတို့ကို ရွေးချယ်ခဲ့ပါတယ်။ သူတို့က အခုအချိန်မှာ နည်းနည်းပိုပြီး စည်းဝါးညီနေတယ်လို့ ယူဆမိပြီး အသင်းနဲ့အတူရှိနေဖို့အတွက် ထိုက်တန်ပါတယ်။ ညာသန်ဗဟိုခံစစ်မှူးနှစ်ဦးနဲ့ ဗဟိုခံစစ်ပိုင်းအတွက် ကျန်နေရာတွေမှာ ဘယ်ခြေအားပြုကစားသမားတွေကို ရွေးချယ်ခဲ့ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး တူချယ်က ကြံ့ခိုင်မှုအပြည့်အဝမရှိသေးတဲ့ ကစားသမားတစ်ဦးကိုရွေးချယ်ခြင်းဖြင့် စွန့်စားမှုတွေ ပြုလုပ်ဖို့ ဆန္ဒမရှိခဲ့ပုံကို အကျယ်တဝင့်ရှင်းပြခဲ့ပါတယ်။ သူက “ ကျွန်တော်တို့ ပဏာမရွေးချယ်ချိန်မှာ မက်ဂွါရီက ကြံ့ခိုင်မှုမပြည့်ဝသေးပါဘူး။ အသင်းအတွက် သူ ကစားပေးနိုင်မယ်လို့ ယူဆရပေမယ့် စွန့်စားရနိုင်ခြေရှိတဲ့ကစားသမားတစ်ဦးကို ကျွန်တော်တို့ မရွေးချယ်လိုပါဘူး။ ပထမအကြိမ်(သို့မဟုတ်) ဒုတိယအကြိမ်လေ့ကျင့်ခန်းပြီးဆုံးချိန်မှာ ဒီကစားသမားက နောက်ထပ်လေ့ကျင့်လို့ရနိုင်ဦးမလားဆိုပြီး အဆက်မပြတ်အကဲခတ်သွားဖို့ လိုအပ်ပါတယ်။ ရီစီဂျိမ်းစ်ဆိုလည်း အလားတူပါပဲ။ လေ့ကျင့်ရေးအစီအစဉ်တိုင်းကို သူလုပ်ဆောင်နိုင်တယ်ဆိုတဲ့ တုံ့ပြန်ချက်ကြောင့်သာ စခန်းသွင်းလေ့ကျင့်မှုဆီ ခေါ်ယူခဲ့တာပါ”လို့ ပြောပါတယ်။
မန်ချက်စတာယူနိုက်တက်မှာ မက်ဂွါရီရဲ့အခြေအနေက စံပြအနေအထားမျိုးမဟုတ်ဘဲ ပုံမှန်ကစားနေကျ လေးယောက်တန်းခံစစ်ထက် သုံးယောက်တန်းခံစစ်ပုံစံကိုသာ မကြာခဏဆိုသလို ကစားနေရပါတယ်။ ဒါပေမယ့် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြကတော့ အနာဂတ်မှာ လက်ရွေးစင်အသင်းလူစာရင်းဆီ ပါဝင်နိုင်ရေးအတွက် မက်ဂွါရီယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။
တူချယ်က “ မက်ဂွါရီလည်း ဒါကို သိပါတယ်။ ကလပ်အသင်းမှာရှိနေတဲ့ လက်ရှိအခြေအနေတွေကြောင့် သူ့အတွက် မလွယ်ကူလှပါဘူး။ သူက သုံးယောက်တန်းခံစစ်ပုံစံမှာ ကစားနေရပါတယ်။ ဒါပေမယ့် သူက ထိပ်တန်းပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးဖြစ်ပြီး အင်္ဂလန်အတွက်လည်း အလွန်အရေးပါ,ပါတယ်။ သူက ဒီအခြေအနေမှာတောင် မယုံကြည်နိုင်လောက်အောင် ကစားပြနေပါတယ်။ သူက ကျွန်တော့်ဆီ ဆုမွန်ကောင်းတောင်းပေးခဲ့ပြီး သူ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ ပြသခဲ့ပါတယ်။ မက်ဂွါရီဆိုတာ လူကောင်းတစ်ဦးဖြစ်ပြီး လက်ရွေးစင်အသင်းမှာပါဝင်ဖို့အတွက် အမြဲတမ်းယှဉ်ပြိုင်နိုင်ပါတယ်”လို့ ဆက်ပြောပါတယ်။
မက်ဂွါရီအတွက် အစီအမံတွေရှိနေမှုနဲ့အတူ တူချယ်က လာမယ့်လတွေအတွင်း အသင်းဆီ နောက်ခံလူပြန်လာနိုင်ဖို့ တံခါးဖွင့်ထားပေးပါတယ်။ တူချယ်လက်အောက် အင်္ဂလန်အသင်းက လာမယ့်ဇွန်လအတွင်း အန်ဒိုရာနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်၊ ဆီနီဂေါနဲ့ ခြေစမ်းပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားရပါမယ်။