ရက်ရှ်ဖို့ဒ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အသိပေးပြောကြားလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းမှာ ကစားခွင့်မရတာကြောင့် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလမှာပဲ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖွယ်ရှိနေတဲ့ တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အသိပေးပြောကြားလာခဲ့ပါတယ်။
မန်နေဂျာဟောင်းအဲရစ်တန်ဟက်ရဲ့နေရာမှာ ဆက်ခံထားတဲ့ အာမိုရင်ဟာ အိုးလ်ထရက်ဖို့ဒ်သို့ ရောက်ရှိပြီး မကြာမီမှာပဲ အသင်းရဲ့စူပါစတားတိုက်စစ်မှူးကို လူစာရင်းကနေ ကာလရှည်ချန်လှပ်ထားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက မန်စီးတီးကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ချန်လှပ်ခံရပြီးနောက် ရက်ရှ်ဖို့ဒ်ကိုယ်တိုင်ကလည်း အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာပြီး စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်သွားလိုကြောင်း တရားဝင်ထုတ်ဖော်ပြောကြားထားခဲ့ပါတယ်။ ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာတော့ အသက်-၂၇ နှစ်အရွယ်ကစားသမားကို ဥရောပထိပ်သီးကလပ် အေစီမီလန်က ချိတ်ဆက်မှုတွေပြုလုပ်ထားခဲ့ပေမယ့် ယခုချိန်အထိတော့ ရေရာတဲ့ကမ်းလှမ်းမှုမျိုး ပြုလုပ်ထားခြင်းမရှိသေးပါဘူး။ ဒါ့အပြင် ဘွန်ဒက်စ်လီဂါထိပ်သီးကလပ်ဒေါ့မွန်နဲ့၊ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာတို့ကလည်း ရက်ရှ်ဖို့ဒ်ကို စောင့်ကြည့်နေတယ်လို့သိရပါတယ်။
အပြောင်းအရွှေ့ဈေးကွက်ကုန်ဆုံးဖို့ အချိန်ကာလ ၁ ပတ်ကျော်သာလိုချိန်မှာတော့ အာမိုရင်က ရက်ရှ်ဖို့ဒ်ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ အာမိုရင်က “လောလောဆယ်မှာတော့ ကျွန်တော့်အနေနဲ့ သူ့ရဲ့အခြေအနေကို မသိပါဘူး။ တကယ်မသိတာပါ။ အပြောင်းအရွှေ့ကာလပိတ်သိမ်းဖို့က ၈ ရက်ကျန်ပါသေးတယ်။ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့။ ဒါကြောင့် ဒီအကြောင်းကို အဲဒီအချိန်ကျမှ ပြောကြတာပေါ့” လို့ပြောကြားခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းက ယူနိုက်တက်အတွက် ကစားခွင့်မရသေးဘဲ နောက်ထပ်ကစားခွင့်ရဖို့လည်း မသေချာတဲ့အခြေအနေမှာရှိနေပါတယ်။ အပြောင်းအရွှေ့ကာလ နောက်ဆုံးရက်တွေမှာတော့ ကစားသမားအနေနဲ့ ဘယ်အသင်းနဲ့ ချိတ်ဆက်သွားနိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။