The network connection is lost.
ဘာစီလိုနာရဲ့ ကြယ်ပွင့်ကစားသမားလေး လာမိုင်းယာမယ်က အသင်းနည်းပြ ဇာဗီဟာနန်ဒက်ဇ် အသင်းကနေ ရုတ်တရက် ထုတ်ပယ်ခံလိုက်ရတာက သူ့အတွက် အလွန်ထူးဆန်းခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပေမယ့် နည်းပြသစ် ဟန်စီဖလစ်ခ်ရဲ့လက်အောက်မှာကစားဖို့ စိတ်လှုပ်ရှားနေပြီဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။
စပိန်လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဧပြီလမှာ ဘာစီလိုအတွက် ဇာဗီရဲ့လက်အောက်မှာ ပထမဆုံးအကြိမ် စတင်ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပြီး ထိုစဉ်ကတည်းက ထွန်းတောက်လာခဲ့ကာ ယခုအခါမှာတော့ ဘိုင်ယန်မြူးနစ်နည်းပြဟောင်းနဲ့ လက်တွဲသွားရတော့မှာဖြစ်ပါတယ်။
ဇာဗီထုတ်ပယ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ အသက်-၁၆ နှစ်အရွယ် ကစားသမားက “တော်တော်ထူးဆန်းတဲ့အခိုက်အတန့်ပါ။ ပထမက သူထွက်သွားမယ်ပြောခဲ့ပြီး နောက်တော့ ဆက်နေမယ်ပြောပါတယ်။ အခုကျတော့ ထုတ်ပယ်ခံလိုက်ရပါတယ်။ အားလုံးမြင်ခဲ့တဲ့အတိုင်းပဲ ထူးဆန်းလွန်းပါတယ်။ သူက ကျွန်တော့်ရဲ့ကစားသမားဘဝအတွက် အခွင့်အရေးကောင်းပေးခဲ့တဲ့သူဆိုတော့ ကျွန်တော့်အတွက်ဝမ်းနည်းစရာဖြစ်ပေမယ့် ဘောလုံးမှာက ဒီလိုတွေဖြစ်ပျက်နေကျပါ” လို့ ဖြေကြားခဲ့ပါတယ်။
ဖလစ်ခ်ရဲ့လက်အောက်မှာ ကစားရမယ့်အကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း ယာမယ်လ်က “ကျွန်တော်သူ့ကို ဘိုင်ယန်မြူးနစ်မှာရော၊ ဂျာမနီလက်ရွေးစင် အသင်းမှာပါ နောက်ဆုံးအကြိမ် မြင်ခဲ့ရပါတယ်။ သူ့ရဲ့တိုက်စစ်ဆင်ကစားနည်းက ထူးခြားမှုရှိပါတယ်။ လက်တွဲရမယ့်အပေါ် အရမ်းစိတ်လှုပ်ရှားနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဇာဗီဟာ ဇန်နဝါရီမှာ ရာသီကုန်ရင် ဘာစီလိုနာကနေ ထွက်ခွာမယ်လို့ကြေညာခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဘုတ်အဖွဲ့ရဲ့စည်းရုံးမှုကြောင့် အသင်းကို ဆက်လက်ကိုင်တွယ်မယ့်အကြောင်း ပြန်လည် အတည်ပြုခဲ့ပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာတော့ ဖလစ်ခ်ကိုစိတ်ဝင်စားနေတဲ့ ကလပ်ဥက္ကဌဂျိုအန်လာပေါ်တာက ဇာဗီကထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ယူရိုပြိုင်ပွဲအတွက် စပိန်လက်ရွေးစင်အသင်းနဲ့အတူ ဂျာမနီကို ခရီးထွက်ခွာသွားတဲ့ ယာမယ်လ်ဟာ ဇူလိုင်လနှောင်းပိုင်းနဲ့ ဩဂုတ်လအစောပိုင်းတွေမှာတော့ မန်ချက်စတာစီးတီး၊ ရီးရဲလ်မက်ဒရစ်၊ အေစီမီလန်တို့နဲ့ ယှဉ်ပြိုင်သွားရမယ့် ဘာစီလိုနာရဲ့ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ ပါဝင်ခွင့်ရဖို့မျှော်လင့်နေမှာဖြစ်ပါတယ်။