
ဘရိုက်တန်နဲ့ပွဲကို ရီစီဂျိမ်းစ်ဘာကြောင့် လွဲချော်ခဲ့သလဲ ရှင်းပြလာတဲ့ မာရက်စ်ကာ
ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက ယနေ့နံနက်က ဘရိုက်တန်ကို ၂-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်ကို အသင်းခေါင်းဆောင်ရီစီဂျိမ်းစ်ဘာကြောင့် လွဲချော်ခဲ့သလဲဆိုတ ရှင်းပြလာခဲ့ပါတယ်။ ဒဏ်ရာပြဿနာတွေမကြာခဏတွေ့ကြုံနေရတာကြောင့် ယခု ၂၀၂၄-၂၅ ရာသီအတွင်း ချဲလ်ဆီးအတွက် ပုံမှန်ပါဝင်ကစားပေးနိုင်ဖို့ ရုန်းကန်နေရတဲ့ ဂျိမ်းစ်ဟာ ယနေ့နံနက်ကပွဲစဉ်မှာလည်း ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ ကစားသမားကို ဒဏ်ရာထပ်ရနေပြန်ပြီလို့ ယူဆနေကြပါတယ်။
ပွဲအပြီးမှာတော့ မာရက်စ်ကာက ရီစီဂျိမ်းစ်ဘာကြောင့် ယခုပွဲစဉ်မှာ ပါဝင်နိုင်ခဲ့ခြင်းမရှိသလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။ အီတလီသားနည်းပြက “သူ့ကို ဒီပွဲမှာအသုံးမပြုဖို့ စီစဉ်ထားပြီးသားပါ။ သူအဆင်ပြေပါတယ်။ ဒဏ်ရာအသစ်ထပ်မရပါဘူး။လေ့ကျင့်ရေးလည်းဆင်းနိုင်ပါတယ်။ ဒီပွဲမှာချန်လှပ်ခဲ့တာက ကြိုတင်ကာကွယ်မှုသက်သက်ပါ” လို့အသိပေးပြောကြားခဲ့ပါတယ်။
ရီစီဂျိမ်းစ်မပါဝင်နိုင်ခြင်းနဲ့အတူ ချဲလ်ဆီးဟာ ယခုပွဲစဉ်မှာ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တာကြောင့် အက်ဖ်အေဖလားပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရပြီဖြစ်ပါတယ်။ သို့သော်လည်း ယခုပွဲစဉ်မှာ ချဲလ်ဆီးက ဦးဆောင်ဂိုးစတင်ရရှိခဲ့တာဖြစ်ပြီး ဘရိုက်တန်က နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။ ချဲလ်ဆီးအတွက်ဦးဆောင်ဂိုးကို ပွဲအစမှာပဲ ဘရိုက်တန်ကစားသမား ဗာဘရက်ဂန်က လက်ဆောင်အနေနဲ့သွင်းပေးခဲ့ပြီး နောက်ပိုင်းမှာတော့ ရက်တာနဲ့ မီတိုမာတို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေပြန်လည်သွင်းယူခဲ့ကြတာဖြစ်ပါတယ်။
လာမယ့်အပတ်မှာလည်း ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်ကို အဝေးကွင်းမှာ ထပ်မံရင်ဆိုင်ရဦးမှာဖြစ်ပြီး ဒီတစ်ခေါက်မှာတော့ အနိုင်ရလဒ်ကို ပြန်လည်ပုံဖော်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။