
ချဲလ်ဆီးတောင်ပံကစားသမား မာဒူကီကို ပစ်မှတ်ထားလာတဲ့ အာဆင်နယ်
အာဆင်နယ်ဟာ အသင်းရဲ့တောင်ပံကို အင်အားဖြည့်တင်းဖို့အတွက် ဘီလ်ဘာအိုကြယ်ပွင့် နီကိုဝီလီယမ်စ်အပါအဝင် ဥရောပထိပ်တန်းတောင်ပံကစားသမားတွေကို ပစ်မှတ်ထားနေပေမယ့် ယခုအခါမှာတော့ ချဲလ်ဆီးကြယ်ပွင့် နိုနီမာဒူကီကိုပါ ပစ်မှတ်စာရင်းထဲ ထည့်သွင်းလာခဲ့ပါတယ်။
အခြားဥရောပကလပ်တွေကလည်း မာဒူကီကိုပစ်မှတ်ထားနေကြပြီး ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာအနေနဲ့ ကစားသမားကိုရောင်းချသွားမလား စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ သို့သော်လည်း အသက်-၂၃ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီမှာတော့ မာရက်စ်ကာအတွက် အားထားရတဲ့ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ ၄၁ ပွဲအထိ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။
ဒါ့အပြင် မာဒူကီဟာ ယခုအခါမှာ ချဲလ်ဆီးနဲ့အတူ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်နေပြီး လော့စ်အိန်ဂျလိစ်ကိုအနိုင်ရခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာလည်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။ ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ချဲလ်ဆီးဟာ ကစားသမားသစ်တွေအများအပြားခေါ်ယူဖို့ ကြိုးစားနေတာကြောင့် နည်းမာရက်စ်ကာအနေနဲ့ သူ့ရဲ့စိတ်ကြိုက်လူစာရင်းထဲမှာ မာဒူကီကို ထည့်သွင်းပါ့မလားဆိုတာတော့ မသေချာသေးပါဘူး။
လောလောဆယ်မှာ ချဲလ်ဆီးဟာ အစ်ဆွစ်ချ်တောင်းတိုက်စစ်မှူး လီယမ်ဒီလပ်ကို ပေါင်သန်း ၃၀ နဲ့ခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ မာရက်စ်ကာရဲ့အသင်းဟာ စထရာဘော့ကြယ်ပွင့် မာမာဒူဆားနဲ့ စပို့တင်းလစ္စဘွန်းကွင်းလယ်ကြယ်ပွင့် ဒါရီယာအက်ဆူဂိုတို့ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ အသင်းရဲ့တိုက်စစ်ပိုင်းကို အဓိကအင်အားဖြည့်တင်းဖို့ပြင်ဆင်နေတာဖြစ်ပြီး ဗဟိုတိုက်စစ်မှူးနေရာအတွက် ဘင်ဂျမင်ဆက်စ်ခိုနဲ့ အလက်ဇန်းဒါးအီဆက်တို့ကို အလားအလာရှိတဲ့အပြောင်းအရွှေ့တွေအဖြစ် ချိတ်ဆက်မှုတွေပြုလုပ်နေပါတယ်။
အာတီတာရဲ့အသင်းဟာ နီကိုဝီလီယမ်စ်ကိုခေါ်ယူဖို့ ချဉ်းကပ်မှုတွေပြုလုပ်ထားပေမယ့် စပိန်လက်ရွေးစင်ဟာ ဘာစီလိုနာနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်တွေရရှိထားပြီလို့ သတင်းတွေကဖော်ပြထားပါတယ်။