The network connection is lost.

Banner Image

မန်စီးတီးကိုအနိုင်ရပြီးနောက် အသင်းရဲ့ကစားသမားတွေကို အင်ဇာဂီ ချီးကျူး

အင်္ဂါနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလား ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာ မန်စီးတီးကို အချိန်ပို မိနစ် ၁၂၀ အထိကစားက ၃-၄ ဆိုတဲ့ရလဒ်နဲ့ အနိုင်ယူပြီးနောက် အယ်လ်ဟီလယ်နည်းပြ ဆိုင်မွန်အင်ဇာဂီက အသင်းရဲ့ကစားသမားတွေကို ချီးကျူးစကားဆိုလာခဲ့ပါတယ်။ 

အင်ဇာဂီက မန်စီးတီးလိုအသင်းမျိုးနဲ့ကစားရတာက ဧဝရတ်တောင်ကို အောက်စီဂျင်မပါဘဲ တက်ရသလို အလွန်ခက်ခဲကြောင်းနဲ့ ယခုပွဲစဉ်မှာ ကစားသမားတွေရဲ့ ကြိုးစားမှုကြောင့်သာ အနိုင်ရခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။  ယခုပွဲစဉ်ကို အော်လန်ဒိုရှိ ကမ်ပိန်းဝါးအားကစားကွင်းကြီးထဲမှာ ယှဉ်ပြိုင်ခဲ့ကြပြီး ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်စီးတီးနဲ့ ဆော်ဒီထိပ်သီးကလပ် အယ်လ်ဟီလယ်လို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြကာ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့တာကြောင့် နှစ်သင်းပေါင်းသွင်းဂိုး ၇ ဂိုးအထိ ရှိခဲ့ပါတယ်။ 

ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်တွေခေါ်ယူပြီး အင်အားဖြည့်တင်းထားတဲ့ မန်စီးတီးဟာ အယ်လ်ဟီလယ်ကိုတော့ အနိုင်မရခဲ့ဘဲ ပြိုင်ပွဲကိုလက်ပြနှုတ်ဆက်ခဲ့ရပြီဖြစ်ပါတယ်။ ပွဲအပြီးမှာ အယ်လ်ဟီလယ်နည်းပြ အင်ဇာဂီက "ဒီနိုင်ပွဲရဲ့ အဓိကသော့ချက်က ကစားသမားတွေပါပဲ။ သူတို့ရဲ့အာရုံစူးစိုက်မှု အသင်းအတွက်ပေးဆပ်မှုတွေက ချီးကျူးစရာပါ။ မန်စီးတီးဘယ်လောက်ကောင်းတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိပါတယ်"

"မန်စီးတီးနဲ့ကစားရတာက ဧဝရတ်တောင်ကို အောက်စီဂျင်မပါဘဲတက်ရသလိုပါပဲ။ ဂွါဒီယိုလာက ကမ္ဘာ့အကောင်းဆုံးနည်းပြပါ။ ဒါ့ပေမယ့် ကျွန်တော်တို့ကစားသမားတွေအကောင်းဆုံးလုပ်ခဲ့ပြီး ရလဒ်နဲ့ထိုက်တန်တဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီကို ဆုဖလားလက်မဲ့နဲ့ကုန်ဆုံးခဲ့ရတဲ့ မန်စီးတီးအနေနဲ့ ယခုအခါမှာလည်း နောက်ထပ်တစ်ကြိမ် ဆုဖလားရရှိမယ့်အခွင့်အရေးကို ဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။ ဂွါဒီယိုလာက "စိတ်ပျက်စရာပွဲစဉ်ပါ။ ကျွန်တော်တို့ အရမ်းကောင်းတဲ့ခရီးစဉ်တစ်ခုကို အတူတူလာခဲ့ကြပြီး နေရာကောင်းကိုရောက်ခဲ့ပါတယ်။ ကစားသမားတွေရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေနဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ကျေးဇူးတင်လို့မဆုံးပါဘူး"

"ဒါပေမယ့် ဒီပွဲက ခက်ခဲပါတယ်။ နှစ်သင်းအကြားကွာဟမှု သိပ်မရှိပါဘူး။ ကျွန်တာ်တို့အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပေမယ့် ပြိုင်ဘက်ဂိုးသမားက အရမ်းကောင်းခဲ့ပါတယ်။ လေးနှစ်မှ တစ်ကြိမ်ကျင်းပတော့မယ့်ပြိုင်ပွဲဖြစ်လို့ ကျွန်တော်တို့ ဆက်သွားချင်ခဲ့ပေမယ့် အခုတော့ နှုတ်ဆက်ရတော့မှာပါ။ အိမ်ပြန် အနားယူပြီး ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
 
၂၀၂၄-၂၅ ရာသီမစတင်မီ မန်စီးတီးကစားသမားတွေဟာ နွေရာသီအားလပ်ရက်အများအပြားရရှိသွားမှာဖြစ်ပြီး ဩဂုတ်လ ၁၆ ရက်နေ့မှသာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ဝုဗ်နဲ့စတင်ယှဉ်ပြိုင်သွားရပါမယ်။ မန်စီးတီးကိုဖြုတ်ချခဲ့တဲ့ အယ်လ်ဟီလယ်ကတော့ ကွာတားဖိုင်နယ်အဆင့်မှာ ဖလူမင်နန့်စ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။