အီတလီကို မလွမ်းဆွတ်မိဘူးလို့ ထုတ်ဖော်ဝန်ခံလိုက်တဲ့ အယ်လ်ဟီလယ်နည်းပြအင်ဇာဂီ
အယ်လ်ဟီလယ်အသင်းနည်းပြဆီမြွန်နီအင်ဇာဂီက ငွေကြေးတစ်ခုတည်းအတွက် ဆော်ဒီပရိုလိဂ်ဆီ ပြောင်းရွှေ့လာတာမဟုတ်ဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
အင်တာမီလန်နည်းပြဟောင်းက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ဆန်စီရိုမှထွက်ခွာလာပြီးနောက် ယမန်နှစ်မှာ ဆော်ဒီမြေဆီ ခြေချလာခဲ့ပါတယ်။
ဆော်ဒီအာရေဗျမှာ ဘယ်လိုနေသားတကျရှိနေပြီလဲလို့ မေးမြန်းရာမှာတော့ အင်ဇာဂီက "ပိုက်ဆံအများကြီးရတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် ပိုက်ဆံက အဓိကမကျပါဘူး။ အင်တာမီလန်မှာ ကုန်ဆုံးခဲ့တဲ့နှစ်ကာလတွေက တကယ့်ကို ပြီးပြည့်စုံခဲ့ပေမဲ့ စိတ်ဖိစီးမှုတွေလည်း အရမ်းများခဲ့ပါတယ်" လို့ ပြောပါတယ်။
"ကျွန်တော့်အတွက် အနားယူဖို့ လိုအပ်ခဲ့တယ်။ အယ်လ်ဟီလယ်မှာတော့ စိတ်အေးချမ်းမှုကို ရှာတွေ့ခဲ့ပါတယ်။ ဆော်ဒီမှာနေရတာ အဆင်ပြေပြီး အီတလီကိုလည်း မလွမ်းမိပါဘူး" လို့ ၎င်းက ဆိုပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်၊ ဂတ်တူဆိုနုတ်ထွက်သွားပြီးနောက် အီတလီလက်ရွေးစင်အသင်းရဲ့ နည်းပြသစ်ဖြစ်လာနိုင်သူစာရင်းမှာ အင်ဇာဂီလည်း ပါဝင်နေပါတယ်။
ဒါနဲ့ပတ်သက်ပြီး အင်ဇာဂီက "လက်ရွေးစင်အသင်းနည်းပြလား? ဒါဟာ ဂုဏ်ယူစရာကောင်းတဲ့ ကမ်းလှမ်းမှုမျိုးပါ၊ ဒါပေမဲ့ ကျွန်တော် ဒီမှာ ပျော်နေသလို တာဝန်ယူရမယ့် စာချုပ်သက်တမ်းလည်း ကျန်ပါသေးတယ်..." လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။