
လီဗာပူးအတွက် ဥရောပသွင်းဂိုး ၅၀ ပြည့်မြောက်ပြီးနောက် အလွန်ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ဖွင့်ဟလာတဲ့ ဆာလက်
ဗုဒ္ဓဟူးနေ့နံနက်က လိုင်လီကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးအတွက်ဦးဆောင်ဂိုးသွင်းယူပြီး အသင်းအတွက် ဥရောပသွင်းဂိုး ၅၀ ပြည့်မြောက်ခဲ့တဲ့ မိုဟာမက်ဆာလက်က ပွဲအပြီးမှာတော့ အဆိုပါဂိုးသွင်းစံချိန်အတွက် အလွန်ဝမ်းသာဂုဏ်ယူမိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ အဆိုပါနိုင်ပွဲကြောင့် လီဗာပူးဟာ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ခဲ့သလို၊ ဆာလက်အနေနဲ့လည်း အသင်းသမိုင်းတစ်လျှောက် ဥရောပသွင်းဂိုး ၅၀ ပြည့်မြောက်တဲ့ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ယခုပွဲစဉ်မှာ လီဗာပူးအတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၃၄ မိနစ်မှာ ကာတစ်ဂျုံးစ်ရဲ့ဖန်တီးပေးပို့မှုမှတစ်ဆင့် ဆာလက်ကသွင်းယူပေးခဲ့ပြီး လိုင်လီအတွက်ချေပဂိုးကို ပွဲကစားချိန် ၆၂ မိနစ်မှာ ဒေးဗစ်ကပြန်လည်သွင်းယူပေးခဲ့ပါတယ်။ သို့သော်လည်း ပွဲကစားချိန် ၆၇ မိနစ်မှာ လီဗာပူးအတွက်အနိုင်ဂိုးကို အီလီယော့က သွင်းယူနိုင်ခဲ့တာကြောင့် အန်ဖီးလ်မှာ အနိုင် ၃ မှတ်ကိုအပြည့်အဝပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ ဆာလက်က “ကျွန်တော်က အသင်းမှာ ဒီလိုဂိုး ၅၀ အထိသွင်းနိုင်တဲ့ နောက်ဆုံးကစားသမားတော့ဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီမှတ်တမ်းအတွက် အရမ်းပျော်ပြီး ဂုဏ်ယူမိပါတယ်။ အထူးသဖြင့် ဒီပွဲမှာအနိုင်ရခဲ့တဲ့အတွက်လည်း ပိုပျော်ပါတယ်။ အရေးကြီးဆုံးက အသင်းနိုင်ပွဲရဖို့ပါပဲ” လို့ပြောကြားခဲ့ပါတယ်။
အန်းစလော့ရဲ့အသင်းဟာ ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာစွမ်းဆောင်ရည်အကောင်းဆုံးအသင်းဖြစ်နေပြီး ၇ ပွဲကစားရာမှာ ၇ ပွဲစလုံးနိုင်ပွဲရအောင် စွမ်းဆောင်ထားနိုင်တာကြောင့် အုပ်စုရဲ့ထိပ်ဆုံးနေရာမှာ ပြတ်ပြတ်သားသားရပ်တည်ထားနိုင်ပါတယ်။ လိုင်လီကတော့ ယခုရှုံးပွဲကြောင့် အဆင့် ၁၁ နေရာသို့ကျဆင်းသွားခဲ့ပြီဖြစ်ပြီး နောက်တစ်ဆင့်ကိုတိုက်ရိုက်တက်ရောက်နိုင်ဖို့ အုပ်စုအဆင့်နောက်ဆုံးပွဲမှာ ရုန်းကန်သွားရတော့မှာဖြစ်ပါတယ်။
ဆက်လက်ပြီး အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ အီလီယော့နဲ့ပတ်သက်ပြီး ဆာလက်က “ကျွန်တော်သူ့အတွက်အရမ်းပျော်ပါတယ်။ ကျွန်တော်က သူ့ကိုအကူအညီပေးဖို့ အမြဲတမ်းအဆင်သင့်ရှိနေမှာပါ။ အီလီယော့က အသင်းအတွက်အကောင်းဆုံးပေးဆပ်ဖို့ကြိုးစားနေတဲ့ လူငယ်တစ်ယောက်ပါ။ ဒီနေ့မှာ သူ ၄၅ မိနစ်ပဲကစားခဲ့ရပေမယ့် အရမ်းကောင်းခဲ့ပါတယ်။ အခုလိုပြိုင်ပွဲကြီးတွေမှာယှဉ်ပြိုင်ဖို့ အသင်းတစ်သင်းအနေနဲ့ တောင့်တင်းတဲ့လူအင်အားရှိရပါမယ်။ ကျွန်တော်တို့မှာ လူအင်အားအပြည့်အဝရှိတယ်လို့ ယုံကြည်ပြီး ဒီပုံစံအတိုင်းပဲဆက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အီဂျစ်လက်ရွေးစင်က ပြိုင်ဘက်အသင်းနဲ့ပတ်သက်ပြီးတော့လည်း “လိုင်လီကလည်း အသင်းကောင်းတစ်သင်းပါ။ သူတို့မှာ အစီအစဉ်ကောင်းတွေအများကြီးရှိပါတယ်။သူတို့က ၂၁ ပွဲဆက်တိုက်ရှုံးပွဲမရှိတဲ့အသင်းဖြစ်လို့ အနိုင်ယူဖို့ ခက်ခဲတဲ့အသင်းဆိုတာ သက်သေပြပြီးသားပါပဲ။ သူတို့ကို ချီးကျူးပေမယ့် အသင်းနိုင်ပွဲရခဲ့တဲ့အတွက်လည်း ဝမ်းသာပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။