
စာချုပ်သက်တမ်းနောက်ဆုံးနှစ်ဆီ ဝင်ရောက်လာပေမယ့် လီဗာပူးမှာပဲ ပျော်ရွှင်နေတဲ့ ကိုနာတေး
လီဗာပူးနောက်ခံလူကိုနာတေးက ကလပ်အသင်းမှာ ပျော်ရွှင်နေပေမယ့် စာချုပ်သစ်အတွက် တိုးတက်မှုတွေကို စောင့်ဆိုင်းနေရဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဗဟိုခံစစ်မှူးရဲ့လက်ရှိစာချုပ်သက်တမ်းက နောက်ဆုံးနှစ်ဆီ ဝင်ရောက်လာပြီဖြစ်လို့ အခုဘောလုံးရာသီတလျှောက်လုံး နှစ်ဖက်ဆွေးနွေးမှု ရှိခဲ့ပေမယ့် ကလပ်အသင်းဘက်ကတော့ ကပ္ပတိန်ဗန်ဒိုက်နဲ့ မိုဆာလက်တို့ရဲ့အနာဂတ်ကို သေချာစေဖို့ ဦးစားပေးလုပ်ဆောင်ခဲ့ပါတယ်။ ဒီကစားသမားနှစ်ဦးလုံးက မာဆေးဆိုဒ်ကလပ်နဲ့ နှစ်နှစ်သက်တမ်းတိုးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
လီဗာပူးအသင်းခံစစ်ပိုင်းမှာ ဗန်ဒိုက်နဲ့အတူ ဦးစားပေးဗဟိုခံစစ်ကစားသမားဖြစ်လာတဲ့ ကိုနာတေးက အားကစားဒါရိုက်တာရစ်ချတ်ဟုဂျ်ရဲ့ စာချုပ်သစ်ပေးရမယ့်ကစားသမားစာရင်းထိပ်ဆုံးနားမှာ ရှိနေပါတယ်။ တဖက်မှာလည်း လီဗာပူးက အခုနွေရာသီ၊ အပြောင်းအရွှေ့ဈေးကွက်မှာ ပါဝင်လှုပ်ရှားဖို့ရှိနေလို့ ကိုနာတေးအတွက် အစီအစဉ်ကို ခေတ္တဆိုင်းငံ့ထားနိုင်ပါတယ်။
ကိုနာတေးက “ ကျွန်တော့်မှာ ဒီကလပ်အသင်းနဲ့အတူ လုပ်ဆောင်သွားမယ့် ရည်မှန်းချက်တွေ အများကြီးရှိပါတယ်။ ဒီကလပ်အသင်းရဲ့ခေါင်းဆောင်တစ်ဦးဖြစ်လာဖို့နဲ့ ဆုဖလားတွေ သိမ်းပိုက်သွားဖို့ပါပဲ။ ရှင်းရှင်းပြောရရင်တော့ ကလပ်အသင်းမှာရှိနေရလို့ ကျွန်တော် ပျော်ရွှင်မိပါတယ်။
ကလပ်အသင်းနဲ့ ကျွန်တော့်ရဲ့ကိုယ်စားလှယ်အေးဂျင့်အကြားမှာ နောက်ထပ်ဆွေးနွေးမှုတစ်ခု ရှိပါတယ်။ လာမယ့်သီတင်းပတ်တွေအတွင်းမှာ ဘာတွေဆက်ဖြစ်လာမလဲ စောင့်ကြည့်သွားရပါလိမ့်မယ်။ ဘယ်အချိန်မှာ အကောင်အထည်ပေါ်လာမလဲဆိုတာ ကျွန်တော် မသိပေမယ့် စောင့်ကြည့်သွားဖို့ပဲ တိုက်တွန်းပါရစေ။
တိုးတက်မှုရှိသလား? တကယ်တော့ အဲ့ဒီအတိုင်းလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့အေးဂျင့်က ကလပ်အသင်းနဲ့ လွန်ခဲ့တဲ့သီတင်းပတ်အတွင်းမှာ တွေ့ဆုံခဲ့ပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော့်ရဲ့အေးဂျင့်က ကျွန်တော့်ဆီ ဘာတွေပြောပြလာသလဲဆိုတာ ထုတ်မပြောနိုင်ပေမယ့် ဆက်ဖြစ်ပေါ်လာမယ့်အရာတွေကိုပဲ စောင့်ကြည့်သွားရပါလိမ့်မယ်”လို့ ပြောပါတယ်။
ကိုနာတေးရဲ့လက်ရှိစာချုပ်နဲ့ပတ်သက်လို့ ဘောလုံးရာသီတလျှောက်လုံး သတင်းမျိုးစုံ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း စာချုပ်သစ်အတွက် သဘောတူညီမှုရရှိပြီလို့ သတင်းထွက်ခဲ့ပေမယ့် ကိုနာတေးကိုယ်တိုင်က ကနဦးကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
ကိုနာတေးက “ ကျွန်တော်ပြောချင်တာတစ်ခုကတော့ လူမှုကွန်ရက်စာမျက်နှာတွေမှာ မြင်တွေ့နေရတဲ့အရာရာတိုင်းဟာ လုံးဝအလိမ်အညာတွေသာ ဖြစ်တယ်ဆိုတာပါပဲ။ ကလပ်အသင်းဆီမှ ဘာကိုမှ ကျွန်တော် မတောင်းဆိုခဲ့ပါဘူး။ သူတို့တွေ ကျွန်တော့်ဆီ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပြီး ကျွန်တော်ဘက်ကလည်း တစ်ခုခု ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။ ဒီလောက်ပါပဲ။ ကျန်တာကတော့ စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ စောင့်ကြည့်သွားချင်ပါတယ်။ ပြင်ပမှာရှိနေတဲ့အရာရာတိုင်းက လုံးဝအလိမ်အညာတွေပဲ ဖြစ်ပါတယ်။
နိုဝင်ဘာလ၊ သတင်းတွေထဲမှာဆိုရင် ကျွန်တော်က စာချုပ်သက်တမ်းတိုးဖို့တောင် အတော်နီးစပ်နေပြီလို့ ဖော်ပြခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကဆိုရင် ဒီအချက်အလက်ဟာ မှန်ကန်မှုမရှိလို့ ဒီလူတွေ ငါ့ထက်တောင် သတင်းအချက်အလက်တွေ ပိုရနေသလိုပဲလို့ ခံစားမိခဲ့ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော် ဒေါသထွက်မိတာပါ။
လူတွေက ကျွန်တော့်ကို စာချုပ်သက်တမ်းမတိုးချင်သူလို့ ယူဆသွားကြမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် စာချုပ်သက်တမ်းတိုးဖို့ ဘယ်တုန်းကမှ မနီးစပ်ဖူးပါဘူး။ ဒါကြောင့် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်သွားရပါမယ်။
ပထမဆုံးအနေနဲ့ ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်လို့ အရမ်းပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့အတွက် အားလပ်ရက်တစ်ခုရှိလာခဲ့ပြီး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသွားရပါမယ်။ လာမယ့်ဘောလုံးရာသီမှာ အခုထက် ပိုမိုကောင်းမွန်ဖို့လည်း မျှော်လင့်မိပါတယ်”လို့ ဆိုပါတယ်။