ပေါ်တိုနဲ့ ပွဲမတိုင်ခင် ဖေဘီယိုဗီအဲရာပြန်လာနိုင်လို့ ပျော်ရွှင်နေတဲ့ အာတီတာ
အာဆင်နယ်နည်းပြ အာတီတာက ဖေဘီယိုဗီအဲရာတစ်ယောက် ဒဏ်ရာကနေ ပြန်လာနိုင်ခဲ့လို့ပျော်ရွှင်နေပြီး အဲ့ထက်ပိုပျော်တာက ပေါ်တိုနဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင် အသင်းဟောင်းရဲ့အတွင်းအချက်တွေကို ထောက်ပံ့ပေးနိုင်လို့ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်သားဟာ ပေါင်ခြံဒဏ်ရာကြောင့် ပွဲတော်တော်များများကို လွဲချော်ခဲ့ပြီး နောက်ဆုံးပရီးမီးယားလိဂ်ပွဲပါဝင်ခဲ့တာက နိုဝင်ဘာလကဖြစ်ကာ အခုအသင်းဟောင်း ပေါ်တိုနဲ့ပွဲမတိုင်ခင်မှ ဒဏ်ရာကနေ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဗီအဲရာကို ၂၀၂၂ တုန်းက ပေါ်တိုအသင်းထံကနေ ခေါ်ယူခဲ့တာဖြစ်ပြီး အဲ့ကတည်းက ၄၆ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ကာ အထူးသဖြင့် အခုအပတ်မှာကန်မယ့်အသင်းဟောင်းနဲ့ပွဲမှာ သူ့ရဲ့အချက်အလက်ပေးပို့မှုက အသုံးဝင်လာနိုင်ပါတယ်။
“ဖေဘီယိုတစ်ယောက် ကျွန်တော်တို့နဲ့ပြန်လာနိုင်တာ အရမ်းပျော်မိပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာ သူ့အတွက် ဝမ်းနည်းမိပါတယ်။ ဘာလို့လဲဆိုတော့ သူ့အတွက် ခက်ခဲတဲ့ အချိန်ကာလကို ဖြတ်သန်းနေရတာကြောင့်ပါ။ အထူးသဖြင့် နောက်ဆုံးဒဏ်ရာဆိုရင် သူ့အတွက် အရှိန်အဟုန်အနည်းငယ်နဲ့ စွမ်းဆောင်ရည်တိုးတက်လာချိန်မှာ ဖြစ်ခဲ့တာပါ။ အဲ့တာက သူ့ရဲ့ဟန်ချက်ကို ထိခိုက်စေခဲ့ပါတယ်”
“ပြီးခဲ့တဲ့ရာသီတုန်းကနဲ့ ဆင်တူပါတယ်။ သူ့ဆီမှာ များပြားတဲ့အရည်အချင်းတွေ ရှိနေပါတယ်။ အဲ့တာကို ကျွန်တော်တို့ ထုတ်ယူရမှာပါ။ သူကလည်း တွန်းအားပေးလုပ်ဆောင်နေပါတယ်။ ဘာလို့လဲဆိုတော့ သူက ဒီမှာရှိနေချင်တာကြောင့်ပါ။ အဲ့တာက သေချာပါတယ်။ အတွင်းလူတစ်ဦးရှိနေတာက ကျွန်တော်တို့အတွက် အဆင်ပြေစေပါတယ်။ အဲ့တာက ဥရောပပြိုင်ပွဲမှာ အရမ်းအရေးပါပါတယ်။ ဘယ်ကိုသွားရမလဲ။ ဘယ်လိုအသင်းနဲ့ရင်ဆိုင်ရမလဲ။ ဘယ်လိုပရိသတ်တွေရှိမလဲဆိုတာကို သိနိုင်ပါတယ်။ သူက ကျွန်တော်တို့ အတွက် အရေးပါတဲ့အချက်အလက်တစ်ချို့ပေးနိုင်ပါတယ်။ ပေါ်တိုက အရမ်းကိုမှစိတ်အားထက်သန်တဲ့ အသင်းပါ။ သူတို့အကယ်ဒမီက ဥရောပရဲ့အကောင်းဆုံးတွေထဲက တစ်ခုပါ။ အဲ့တာက သူတို့ယဉ်ကျေးမှု နဲ့ ဘယ်လောက်တိုးတက်လာလဲဆိုတာ ပြောပြနေပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။