
ပိုလန်လက်ရွေးစင်အသင်းနဲ့ပြန်လည်ပူးပေါင်းဖို့ လီဝန်ဒေါစကီးဆီ ကမ်းလှမ်းလာတဲ့ နည်းပြသစ်ဂျန်အာဘန်
ပိုလန်လက်ရွေးစင်အသင်းနည်းပြသစ်ဂျန်အာဘန်က ယခင်လူကျူးလွန်ခဲ့တဲ့အမှားတွေကို ပြန်ပြုပြင်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး အသင်းမှာရှိနေတဲ့ လီဝန်ဒေါစကီးရဲ့နေရာကို ဆက်ထိန်းသိမ်းသွားမယ်လို့ ကြွေးကြော်လိုက်ပါတယ်။ အာဘန်က ယမန်နေ့(ကြာသပတေးနေ့)၊ ဝါဆောမြို့ရှိ အမျိုးသားအားကစားကွင်းကြီးမှာ ပိုလန်လက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် ပေါ်ထွက်လာခဲ့ပြီး လီဝန်ဒေါစကီးရဲ့လက်ရွေးစင်ကစားသမားဘ၀ အပူမီးတွေကို အမြန်ဆုံးငြိမ်းသတ်ပစ်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ကြီးကျယ်ခမ်းနားလှတဲ့တိုက်စစ်မှူးအပေါ် နည်းပြဟောင်းပရိုဘီရက်ဇ်ရဲ့ဆက်ဆံပုံဟာ အမှားအယွင်းတစ်ခုဖြစ်တယ်လို့ အာဘန်ကိုယ်တိုင် ဝန်ခံခဲ့ပြီး ကပ္ပတိန်အဖြစ် အသင်းဆီပြန်လာနိုင်ဖို့ တိုက်စစ်မှူးရဲ့နေရာကို ဆက်ထိန်းသိမ်းပေးမယ်လို့လည်း ကြွေးကြော်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇွန်လအတွင်း လီဝန်ဒေါစကီးက ပရိုဘီရက်ဇ်ရဲ့ကပ္ပတိန်လက်ပတ်တာဝန်အလွှဲအပြောင်းပုံစံကို မကြိုက်နှစ်သက်လို့ ပရိုဘီရက်ဇ်လက်အောက် နိုင်ငံ့လက်ရွေးစင်တာဝန်မထမ်းဆောင်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒီနောက်မှာတော့ လီဝန်ဒေါစကီးနဲ့ ပရိုဘီရက်ဇ်တို့အကြား ဆက်ဆံရေး ပြိုကွဲသွားခဲ့ပြီး ဖင်လန်ကိုအရေးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီးမှာ ပရိုဘီရက်ဇ် ရာထူးမှနုတ်ထွက်သွားခဲ့ပါတယ်။
အာဘန်က “ ကျွန်တော့်အတွက်တော့ လီဝန်ဒေါစကီးဆိုတာ အခွင့်အရေးတစ်ခုကို အကောင်းဆုံးအသုံးချနိုင်မယ့် တိုက်စစ်မှူးမျိုးဖြစ်ပါတယ်။ ကျွန်တော့်အမြင်အရ ကပ္ပတိန်တာဝန်လွှဲပြောင်းမှုနဲ့ပတ်သက်လို့ နည်းပြဟောင်းပရိုဘီရက်ဇ်ကိုယ်တိုင် အမှားအယွင်းတစ်ခု ပြုလုပ်မိခဲ့တယ်လို့ ထင်ပါတယ်။ လီဝန်ဒေါစကီးဆိုတာ ကျွန်တော်တို့နိုင်ငံ့လက်ရွေးစင်အသင်းအတွက် အလွန်အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ အသက်အရွယ်လား? စိတ်မကောင်းပါဘူး။ ဒါပေမယ့် သူ့ရဲ့ကိန်းဂဏန်းအချက်အလက်တွေက ဆော်ဒီလိဂ်မှာမဟုတ်ဘဲ စပိန်မြေမှာ စွမ်းဆောင်ပြထားတာပါ”လို့ ပြောပါတယ်။
လတ်တလောမှာ လီဝန်ဒေါစကီးက ဘာစီလိုနာနဲ့အတူ ရာသီကြိုပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။ သူက လာမယ့်စက်တင်ဘာလအတွင်း နယ်သာလန်၊ ဖင်လန်တို့နဲ့ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးဖွယ် ရှိပါတယ်။