The network connection is lost.

Banner Image

အီဆက်ရဲ့အပြောင်းအရွှေ့သတင်းတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်လာတဲ့ စလော့

နယူးကာဆယ်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ လီဗာပူးနည်းပြအန်းစလော့က အသင်းသို့ပြောင်းရွှေ့လိုနေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ နယူးကာဆယ်တိုက်စစ်မှူး အလက်ဇန်းဒါးအီဆက်နဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ 

အီဆက်ဟာ ယခုနွေရာသီအတွင်း လီဗာပူးသို့ပြောင်းရွှေ့လိုကြောင်း ဖော်ပြထားခဲ့ပေမယ့် လီဗာပူးဘက်ကတော့  နယူးကာဆယ်ထံ နောက်ထပ်တစ်ကြိမ် ကမ်းလှမ်းမှုပြုလုပ်ဖို့ အရိပ်အယောင်မပြသေးပါဘူး။ ယခုနွေရာသီအစောပိုင်းမှာ လီဗာပူးဟာ အီဆက်ကိုခေါ်ယူဖို့ ပေါင်သန်း ၁၁၀ နဲ့ကမ်းလှမ်းခဲ့ပေမယ့် နယူးကာဆယ်ဘက်က ကမ်းလှမ်းမှုကိုပယ်ချခဲ့ပြီး ကစားသမားကိုဆက်လက်ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။

ယခုတစ်ပတ်အစောပိုင်းမှာ‌တော့ အီဆက်က အပြောင်းအရွှေ့ကိုပိတ်ပင်ခဲ့တဲ့ နယူးကာဆယ်ဟာ ကတိတွေချိုးဖျက်ပြီး ယုံကြည်မှုတွေကိုအလွဲသုံးစားလုပ်ခဲ့ကြောင်း ဆိုရှယ်မီဒီယာမှတစ်ဆင့် လူသိရှင်ကြားစွပ်စွဲပြောဆိုခဲ့သလို၊ နယူးကာဆယ်ဘက်ကလည်း မဟုတ်မမှန်ကြောင်း ပြန်လည်ချေပခဲ့ပါတယ်။ ဒါကြောင့် အီဆက်နဲ့နယူးကာဆယ်တို့အကြား တင်းမာမှုဟာ အခုချိန်အထိဆက်လက်ကျန်ရှိနေဆဲဖြစ်လို့ အီဆက်အနေနဲ့ လီဗာပူးနဲ့ပွဲမှာ ပါဝင်ကစားခွင့်ရမှာမဟုတ်ပါဘူး။ 

နယူးကာဆယ်အနေနဲ့ ပြီးခဲ့တဲ့ရာသီက အသင်းအတွက်ပြိုင်ပွဲစုံ ၂၅ ဂိုးအထိသွင်းယူပေးနိုင်ခဲ့တဲ့ ဆွီဒင်လက်ရွေးစင်ကို ဒီရာသီမှာအသုံးပြုနိုင်ခြင်းမရှိသလို အစားထိုးဖို့အတွက်လည်း ကစားသမားသစ် မရှာဖွေနိုင်သေးပါဘူး။ နယူးကာဆယ်နဲ့ပွဲစဉ်မတိုင်မီ အီဆက်ရဲ့သတင်းတွေနဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာမှာ အန်းစလော့က "ကျွန်တော်အများကြီးတော့မပြောနိုင်ပါဘူး။ ဘယ်သူပဲ ဒီမေးခွန်းကိုမေးမေး ကျွန်တော်ကတော့ ဒီအဖြေပဲဖြေမှာပါ။ ကျွန်တော်တို့မှာ ကစားသမားအလုံအလောက်နေရှိသလို၊ အရန်ကစားသမားတွေကလည်း ခြေစွမ်းပြနေပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ ချီယေဆာက အသင်းအတွက်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် အသင်းမှာရှိတဲ့ကစားသမားအကြောင်းကိုပြောတာ ပိုကောင်းပါလိမ့်မယ်။ ဒါပေမယ့် ဒီမေးခွန်းကိုမေးကြတဲ့အပေါ်မှာလည်း ကျွန်တော်နားလည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

နယူးကာဆယ်အနေနဲ့ အသင်းရဲ့တိုက်စစ်ပိုင်း စွမ်းဆောင်ရည်ကျဆင်းမှုတွေကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ အီဆက်ရဲ့ပြဿနာကို တတ်နိုင်သလောက် အမြန်ဆုံးဖြေရှင်းနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပြီး ကစားသမားကို ပြန်လည်အသုံးပြု နိုင်ဖို့ မျှော်လင့်နေမှာပါတယ်။ ပွဲဦးထွက်မှာ အက်စတွန်ဗီလာကို ဂိုးမရှိသရေကျခဲ့တဲ့ နယူးကာဆယ်ဟာ လာမယ့်လီဗာပူးနဲ့ပွဲစဉ်မှာလည်း အီဆက်မပါဝင်တာကြောင့် ဂိုးရဖို့ ရုန်းကန်သွားရနိုင်ပါတယ်။