
ဘိုင်ယန်မြူးနစ်မှာ သူ့အတွက် အကောင်းဆုံးအသင်းဖော် ဘယ်သူလဲဆိုတာ ထုတ်ပြောလာတဲ့ မူစီယာလာ
မူစီယာလာက သူ့အတွက် အကောင်းဆုံးအသင်းဖော်အဖြစ် ဘိုင်ယန်မြူးနစ်ဂန္တဝင်တစ်ဦးကို ရွေးချယ်လိုက်ပြီး နိုင်ငံ့လက်ရွေးစင်အသင်းဖော်တစ်ဦးကိုလည်း ရင်ဆိုင်ခဲ့ဖူးသမျှအခက်ခဲဆုံးပြိုင်ဘက်အဖြစ် ဖော်ညွှန်းခဲ့ပါတယ်။ The Athletic အင်တာဗျူးအစီအစဉ်တစ်ခုမှာ အသက်-၂၂ နှစ်အရွယ်ကွင်းလယ်တိုက်စစ်ကစားသမားက ဂန္တဝင်တိုက်စစ်မှူးကြီးသောမတ်စ်မူလာကို သူ့ရဲ့အကောင်းဆုံးအသင်းဖော်အဖြစ် သတ်မှတ်ခဲ့သလို လက်ရွေးစင်အသင်းဖော်၊ ရီးရဲလ်မက်ဒရစ်ဗဟိုခံစစ်မှူးရူဒီဂါကိုလည်း ရင်ဆိုင်ဖူးသမျှ အခက်ခဲဆုံးပြိုင်ဘက်အဖြစ် ရွေးချယ်ခဲ့ပါတယ်။
သူ့အတွက် အကောင်းဆုံးဘိုင်ယန်မြူးနစ်အသင်းဖော်အကြောင်း မေးမြန်းရာမှာ မူစီယာလာက “သောမတ်စ်မူလာလို့ပဲ ဖြေချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူ့ဆီမှ အများကြီး သင်ယူခဲ့ရသလို အကြံဉာဏ်တွေလည်း အများကြီးရရှိပါတယ်။ သူနဲ့တွဲကစားရလို့ ကျွန်တော် အတော်လေးပျော်ရွှင်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် ကစားသမားတွေ အများကြီးရှိပေမယ့် မူလာကိုပဲ ထိပ်ဆုံးနေရာမှာ တင်ထားရပါမယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။
ဆက်လက်ပြီး ရင်ဆိုင်ခဲ့ဖူးသမျှ အခက်ခဲဆုံးပြိုင်ဘက်အကြောင်း မေးမြန်းရာမှာ မူစီယာလာက ရူဒီဂါလို့ ဖြေကြားခဲ့ပါတယ်။ သူက “ ကျွန်တော်တို့တွေ ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး အတော်လေးခက်ခဲခဲ့ပါတယ်။ ရူဒီဂါကို ကျွန်တော် သိခဲ့တာ နှစ်အတော်ကြာပါပြီ။ ပြီးတော့ သူနဲ့ရင်ဆိုင်ကစားရတာ ပျော်စရာမကောင်းပါဘူး”လို့ ဆိုပါတယ်။
ပီအက်စ်ဂျီနဲ့ရင်ဆိုင်ကစားရတဲ့ ကလပ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်အတွင်း ကြောက်မက်ဖွယ် ဒဏ်ရာပြဿနာဆိုးနဲ့ရင်ဆိုင်ရပြီးနောက် မူစီယာလာက ခွဲစိတ်ကုသမှုတစ်ခုကို အောင်အောင်မြင်မြင် ဖြတ်ကျော်ကာ အပြည့်အဝသက်သာလာဖို့ ငါးလထက်မနည်း စောင့်ဆိုင်းသွားရပါလိမ့်မယ်။