The network connection is lost.

Banner Image

အားနည်းချက်တွေကို ပွင့်ပွင့်လင်းလင်းသင်ပြပေးလို့ သောမတ်စ်ဖရန့်စ်ကို ကျေးဇူးတင်နေတဲ့ ဇာဗီဆိုင်မွန်စ်

တော့တင်ဟမ်ကစားသမားသစ်ဇာဗီဆိုင်မွန်စ်က သူ့ရဲ့အပြောင်းအရွှေ့ဇာတ်လမ်းမှာ နည်းပြသောမတ်စ်ဖရန့်ခ် ဘယ်လောက်အထိအရေးပါခဲ့သလဲဆိုတာကို ထုတ်ဖော်ပြောပြလိုက်ပြီး သူ့အတွက် တိုးတက်ဖို့လိုအပ်နေတဲ့အပိုင်းတွေကို ညွှန်ပြပေးခဲ့တဲ့ နည်းပြဖြစ်သူရဲ့ရိုးသားမှုအပေါ်ကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

နိုင်ငံ့လက်ရွေးစင်တာဝန်ထမ်းဆောင်ဖို့ နယ်သာလန်အသင်းနဲ့ပူးပေါင်းလာချိန် ဇာဗီဆိုင်မွန်စ်က အခုနွေရာသီကာလအတွင်း တော့တင်ဟမ်အသင်းဆီပြောင်းရွှေ့ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့သလဲဆိုတာကို ဖွင့်ဟသွားခဲ့ပါတယ်။အသက်-၂၂ နှစ်အရွယ်ကစားသမားက ဆွေးနွေးမှုတွေအတွင်း သောမတ်စ်ဖရန့်ခ်ရဲ့ ပွင့်ပွင့်လင်းလင်းဒဲ့ဒိုးပြောဆိုတက်မှုကို အထင်ကြီးခဲ့သလို သူနဲ့ပတ်သက်လို့ အားသာချက်၊ အားနည်းချက်တွေအကြောင်း တော့တင်ဟမ်နည်းပြရဲ့မီးမောင်းထိုးတင်ပြမှုအပေါ်မှာလည်း သဘောတွေ့ခဲ့တယ်လို့ ရှင်းပြပါတယ်။

Zeist မှာ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဇာဗီဆိုင်မွန်စ်က “ နည်းပြက ကျွန်တော့်ကို အများကြီးပြောပြပါတယ်။ အပေါင်းလက္ခဏာဆောင်တဲ့အရာတွေဖြစ်ပေမယ့် ကျွန်တော့်အတွက် တိုးတက်ဖို့ လိုအပ်တဲ့အရာတွေလည်း ဖြစ်ပါတယ်။သူ့ရဲ့ဘောလုံးအပေါ်ရှုမြင်ပုံနဲ့ ကစားသမားတွေကို တိုးတက်လာအောင် လုပ်ပေးချင်ပုံတွေက အရမ်းကောင်းပါတယ်။ တော့တင်ဟမ်က ကျွန်တော့်အတွက် တိုးတက်လာစေဖို့ အသင့်လျော်ဆုံးနေရာတစ်ခုပါ။

နည်းပြတွေဟာ ဆုံးဖြတ်ချက်တစ်ခုချမှတ်ဖို့အတွက် အရေးအကြီးဆုံးပုဂ္ဂိုလ်တွေဖြစ်မယ်လို့ အမြဲတမ်းတွေးတောမိခဲ့ပါတယ်။ ဘောလုံးသမားဘဝမှာ ကိုယ့်ရဲ့မိသားစုထက် နည်းပြနဲ့သာ ပိုပြီးဆုံတွေ့ရပါတယ်။ အတိတ်ကာလ၊ အခြားနည်းပြတွေဆီမှ ကျွန်တော်ကြားသိခဲ့ရတာတွေထက် သောမတ်စ်ဖရန့်ခ်ဆီမှ မတူကွဲပြားတဲ့အကြောင်းအရာတွေကို ကြားသိခဲ့ရပါတယ်။ ဒါကို နားလည်ပေးနိုင်ပါတယ်။ ပီအက်စ်ဗွီဆီ ကျွန်တော်ရောက်ရှိခဲ့ချိန်မှာ ကျွန်တော့်အသက်အရွယ် အလွန်ငယ်ရွယ်သေးပါတယ်။ ဒါကြောင့် အခုလုပ်နေတာထက်စာရင် မတူကွဲပြားတဲ့အရာတွေကို ပိုပြီးလုပ်ဆောင်ဖို့ လိုအပ်ခဲ့ပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး နိုင်ငံ့လက်ရွေးစင်အသင်းဖော်ဗန်ဒီဗန်ရဲ့တိုက်တွန်းမှုနဲ့ပတ်သက်လို့ ဆိုင်မွန်စ်က “ ဗန်ဒီဗန်ကိုယ်တိုင် ‘ငါတို့အတွက် မင်းကို လိုအပ်နေတယ်၊ ဒါကြောင့် ပြောင်းရွှေ့လာပါ’လို့ ပြောခဲ့ဖူးပါတယ်။ ဖြစ်ပျက်ခဲ့တဲ့အရာတွေကို ဒါပါပဲ။ နောက်ပြီး ကျွန်တော့်ရဲ့အသက်-၁၁ နှစ်အရွယ်ညီမလေးက ဘောလုံးထက် အခြားအရာတွေကို ပိုပြီးအာရုံကျတတ်ပေမယ့် တော့တင်ဟမ်အသင်းရဲ့ဘောလုံးကွင်းကိုတော့ အရမ်းသဘောကျပါတယ်။ ဒီကွင်းကြီးမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေနဲ့ယှဉ်ပြိုင်ကစားရဖို့ မစောင့်ဆိုင်းနိုင်တော့ပါဘူး”လို့ ပြောပါတယ်။

ဇာဗီဆိုင်မွန်စ်က ပီအက်စ်ဗွီ၊ ပီအက်စ်ဂျီနဲ့ လိုက်ပ်ဇစ်တို့မှာ ကစားသမားဘ၀ ဖြတ်သန်းဖူးပြီး အခုတော့ ပရီးမီးယားလိဂ်မှာ သူ့ကိုယ်သူမိတ်ဆက်ပေးဖို့ အချိန်တန်ပြီလို့ ယူဆနေပါတယ်။ သူက တော့တင်ဟမ်ဆီ ဥရောပရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦးအဖြစ် ရောက်ရှိလာပါတယ်။ ပြင်းထန်ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတဲ့ ဂျိမ်းစ်မက်ဒီဆင်နေရာမှာ အစားထိုးသွားရမယ်ဆိုတဲ့ တာဝန်ကြီးတစ်ရပ်လည်း ဇာဗီဆိုင်မွန်စ်အတွက် ရှိနေပြန်ပါတယ်။

ဇာဗီဆိုင်မွန်စ်က တော့တင်ဟမ်အသင်းဖော်သစ်တွေနဲ့ မပူးပေါင်းနိုင်ခင် ပိုလန်၊ လစ်သူရေးနီးယားတို့နဲ့ ရင်ဆိုင်ရမယ့် နယ်သာလန်အသင်းရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ပါဝင်ခွင့်ရရှိဖို့ မျှော်လင့်နေပါလိမ့်မယ်။ ဒါပြီးရင်တော့ သူက ပရီးမီးယားလိဂ်ပွဲဦးထွက်အဖြစ် ဝက်စ်ဟမ်းနဲ့ရင်ဆိုင်ရချိန်မှာ ပါဝင်ကစားသွားနိုင်ပါတယ်။