The network connection is lost.

Banner Image

ရာသီကုန်သွားပြီဖြစ်ပေမယ့် အနားယူဖို့အစီအစဉ်မရှိကြောင်း အာမိုရင်ပြော

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ရာသီကုန်သွားခဲ့ပြီဖြစ်ပေမယ့် အသင်းအနေနဲ့ အနားယူဖို့ အစီအစဉ်မရှိဘဲ ခြေစမ်းပွဲစဉ်တွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ ဆက်တိုက်ပြုလုပ်သွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။ယူနိုက်တက်ဟာ ၂၀၂၄-၂၅ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်ကို ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ကမှ ကစားထားခဲ့တာဖြစ်ပေမယ့် ၃ ရက်အကြာ ၂၈ ရက်နေ့မှာတော့ ရာသီကြိုခြေစမ်းခရီးစဉ်အဖြစ် မလေးရှားနိုင်ငံသို့ ထွက်ခွာလာခဲ့ပြီဖြစ်ပါတယ်။ 

အာရှအသင်းတွေနဲ့ ခြေစမ်းသွားမယ့်ယူနိုက်တက်ဟာ ပထမဆုံးပွဲစဉ်ကို မြန်မာ့လက်ရွေးစင် မောင်မောင်လွင်ပါဝင်တဲ့ အာဆီယံအောစတားအသင်းနဲ့ စတင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အဆိုပါပွဲစဉ်ကို ပရိသတ် ၈ သောင်းဝင်ဆံ့တဲ့ ဘူကစ်ဂျာလယ်အမျိုးသားကွင်းမှာ ကျင်းပသွားမယ်လို့သိရပါတယ်။ အဆိုပါပွဲစဉ်အပြီးမှာတော့ အာမိုရင်ရဲ့အသင်းဟာ မေလ ၃၀ ရက်နေ့မှာ ဟောင်ကောင်အသင်းနဲ့ယှဉ်ပြိုင်ဖို့အတွက် ချက်ချင်းပဲ ခရီးထွက်ခွာသွားရဦးမှာဖြစ်ပါတယ်။ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း အဆင့် ၁၅ နေရာမှာသာရပ်တည်နိုင်ခဲ့တဲ့ ယူနိုက်တက်အနေနဲ့ နောက်ရာသီအတွက်ကြိုတင်ပြင်ဆင်မှုတွေကို ဆက်တိုက်ဆိုသလို စတင်လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ 

ယခုအခါမှာ အာမိုရင်က "ဒီရာသီကိုအဆုံးသတ်နိုင်ဖို့ အရမ်းအရေးကြီးခဲ့ပါတယ်။ ဒီအပိုင်းကို ပိတ်သိမ်းဖို့လိုအပ်ခဲ့ပါတယ်။ အခုတော့ နောက်ရာသီအတွက် စိတ်သစ်၊ လူသစ်နဲ့စတင်ကြိုးစားရပါတော့မယ်။ ကျွန်တော်အခုကတည်းက စိတ်လှုပ်ရှားနေပါပြီ။ ပွဲတွေနဲ့ ပြတ်တောက်သွားတာမျိုး ကျွန်တော်မဖြစ်ချင်ပါဘူး။ နောက်ရာသီစတင်တော့မှာဖြစ်လို့ ကျွန်တော်တို့ နားဖို့မလိုတော့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

အာဆီယံအောစတား၊ ဟောင်ကောင်တို့နဲ့ ယှဉ်ပြိုင်သွားရမယ့် အာရှခရီးစဉ်အပြီးမှာ‌တော့ ယူနိုက်တက်ဟာ ဇူလိုင်လ ၁၉ ရက်နေ့မှသာ နောက်ထပ်ခြေစမ်းပွဲစဉ်တွေ ပြန်လည်ကစားသွားမှာဖြစ်ပြီး လိဒ်ယူနိုက်တက်နဲ့ စတင်ယှဉ်ပြိုင်သွားရပါမယ်။