နှစ်သစ်မှာ ယူနိုက်တက်ကို အကောင်းဆုံးတည်ဆောက်သွားဖို့ စိတ်လှုပ်ရှားနေကြောင်း ပြောကြားလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က နှစ်သစ်ကနေ စတင်ပြီး အသင်းကို အကောင်းဆုံးတည်ဆောက်သွားဖို့ ပြင်ဆင်ထားပြီး ပရိသတ်တွေနဲ့အတူ ဖြတ်သန်းသွားဖို့ စိတ်လှုပ်ရှားနေကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့နံနက်က ယူနိုက်တက်ဟာ နယူးကာဆယ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ၀-၂ ဆိုတဲ့ရလဒ်နဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲစုံ ၄ ပွဲဆက်တိုက်အရှုံးနဲ့ကြုံတွေ့ခဲ့ရပြီး ၂၀၂၄ ခုနှစ်အကုန်ကို အရှုံးတွေနဲ့သာ ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။ အဆိုပါရှုံးပွဲတွေကြောင့် အာမိုရင်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်နဲ့ ရမှတ် ၇ မှတ်သာကွာဟတော့တဲ့ အခြေအနေအထိရောက်ရှိနေပြီလည်းဖြစ်ပါတယ်။
ရာသီဝက်လောက်မှာ ယူနိုက်တက်ကို စတင်ကိုင်တွယ်ခဲ့ရတဲ့ အာမိုရင်အတွက် အင်္ဂလန်မြေဟာ အလွန်ခက်ခဲကြမ်းတမ်းတဲ့နေရာတစ်ခုဖြစ်နေပြီး ပေါ်တူဂီသားဟာ အသင်းသစ်မှာ အသားကျဖို့ အတော်လေးရုန်းကန်နေရတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ နောက်ဆုံး ၃ ပွဲဆက်တိုက် သွင်းဂိုးမရရှိခဲ့ဘဲ ဂိုးပြတ်တွေနဲ့ပဲရှုံးနိမ့်ထားခဲ့တာကြောင့် ရလဒ်ပိုင်းသာမက ခြေစွမ်းပိုင်းပါဆိုးဝါးနေကြောင်းလည်း ပေါ်လွင်ခဲ့တာဖြစ်ပါတယ်။
အခုလိုခက်ခဲတဲ့အခြေအနေတွေနဲ့ကြုံတွေ့နေရပေမယ့် အာမိုရင်ကတော့ အပြုသဘောဆောင်တဲ့အခြေအနေမှာ ရှိနေဆဲဖြစ်ပြီး ယခုအခါမှာလည်း ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းနဲ့ ၂၀၂၅ ခုနှစ်ကနေစတင်ပြီး အကောင်းဆုံးကြိုးစားသွားမယ့်အကြောင်း ဖွင့်ဟလာခဲ့ပါတယ်။
အသက်-၃၉ နှစ်အရွယ်နည်းပြက “မန်ချက်စတာယူနိုက်တက်ကို သစ္စာရှိရှိအားပေးနေတဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ပရိသတ်တွေအားလုံး နှစ်သစ်မှာ အကောင်းဆုံးတွေဖြစ်ကြပါစေလို့လည်း ဆုတောင်းပေးပါတယ်။ အသင်းရဲ့အခုလိုအခြေအနေက အားလုံးအတွက် အရမ်းခက်ခဲမယ်ဆိုတာလည်း သိပါတယ်။ ဒါပေမယ့် ပရိသတ်တွေနဲ့အတူ ၂၀၂၅ ကိုဖြတ်သန်းနိုင်ဖို့အတွက်လည်း ကျွန်တော်အရမ်းစိတ်လှုပ်ရှားနေပါတယ်” လို့ပြောကြားခဲ့ပါတယ်။
အာမိုရင်ရဲ့လက်ထက်မှာ ယူနိုက်တက်ဟာ တိုးတက်ပြောင်းလဲမှုတွေ ကြီးကြီးမားမားမရှိသေးပေမယ့် သူ့ရဲ့အမြင်အရ အနာဂတ်မှာ အသင်းရဲ့ ပိုမိုကောင်းမွန်တဲ့အခြေအနေတစ်ရပ်ကို မြင်တွေ့ရနိုင်ချေရှိပါတယ်။ လာမယ့်ဇန်နဝါရီလ ၅ ရက်နေ့မှာတော့ ယူနိုက်တက်ဟာ ၂၀၂၅ ခုနှစ်အတွက် ပထမဆုံးပွဲစဉ်အဖြစ် ခက်ခဲတဲ့ပြိုင်ဘက် လီဗာပူးကို အန်ဖီးလ်မှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နှစ်သစ်ကို အနိုင်ရလဒ်နဲ့ ဖွင့်လှစ်နိုင်မလား ဒါမှမဟုတ် ရှုံးပွဲဆက်သွားဦးမလား စောင့်ကြည့်ရပါမယ်။