The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်အနိုင်ရပြီး အေစီမီလန်နဲ့ မိုနာကိုတို့ ရှုံးပွဲကြုံတွေ့ခဲ့တဲ့ ချန်ပီယံလိဂ်ပလေးအော့ဖ်ပွဲစဉ်များ

ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီံယံလိဂ်ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်တွေမှာ ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ဆဲလ်တစ်ကို ကျဉ်းမြောင်းတဲ့ရလဒ် ၁-၂ နဲ့အနိုင်ရခဲ့ပေမယ့် အီတလီထိပ်သီးကလပ်တွေဖြစ်တဲ့ အတ္တလန္တာ၊ အေစီမီလန်နဲ့ ပြင်သစ်ထိပ်သီးကလပ်မိုနာကိုတို့ကတော့ ရှုံးပွဲကိုယ်စီကြုံတွေ့ခဲ့ကြရပါတယ်။ 

ဗုဒ္ဓဟူးနေ့နံနက်ကလည်း ချန်ပီယံလိဂ်ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်တွေကိုယှဉ်ပြိုင်ကစားခဲ့ရာမှာ ဂျုဒ်ဘယ်လင်ဟမ်ရဲ့နောက်ကျဂိုးနဲ့တူ ရီးရဲလ်မက်ဒရစ်က မန်စီးတီးကိုအနိုင်ရခဲ့ပြီး ပီအက်စ်ဂျီနဲ့ ဒေါ့မွန်တို့ကလည်း ၀-၃ ဆိုတဲ့အနိုင်ရလဒ်ကိုယ်စီနဲ့ နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့ သေချာတဲ့အခြေအနေတွေကို ဖန်တီးထားနိုင်ခဲ့ပါတယ်။ 

ဗုဒ္ဓဟူးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေမှာ ဂိုးပြတ်တဲ့ပွဲစဉ်တွေပါဝင်ခဲ့ပေမယ့် ယနေ့နံနက်ကပွဲစဉ်တွေမှာတော့ ပြတ်သားတဲ့အနိုင်ရလဒ်တွေမြင်တွေ့ခဲ့ရခြင်းမရှိဘဲ ၄ ပွဲစလုံးမှာ ကလပ်ဘရု၊ ဘိုင်ယန်မြူးနစ်၊ ဖီယင်နုနဲ့ မိုနာကိုတို့ဟာ ပြိုင်ဘက်တွေကို ၁ ဂိုးအသာနဲ့ပဲ နိုင်ပွဲရခဲ့ကြတာဖြစ်ပါတယ်။ 

ယနေ့နံနက်အစောပိုင်းမှာကစားခဲ့တဲ့ ကလပ်ဘရုနဲ့ အတ္တလန္တာတို့ပွဲစဉ်မှာ ကလပ်ဘရုက အိမ်ကွင်းအားသာချက်နဲ့အတူ အတ္တလန္တာကို ခုခံကစားနိုင်ခဲ့ပြီး ပွဲပြီးကာနီး ၉၀+၄ မိနစ်မှာရရှိလာတဲ့ ပင်နယ်တီကြောင့် ၂-၁ ဆိုတဲ့ရလဒ်နဲ့အတူ ပထမအကျော့မှာနိုင်ပွဲဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ကလည်း ဆဲလ်တစ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ခဲ့ရပေမယ့် သက်တောင့်သက်သာနိုင်ပွဲဖော်ဆောင်နိုင်ခဲ့ပြီး ဟယ်ရီကိန်း၊ အိုလီဆီတို့ရဲ့သွင်းဂိုးတွေနဲ့ ၂ ဂိုးပြတ်ဦးဆောင်ပြီးကာမှ ချေပဂိုး ၁ ဂိုးပြန်လည်ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ 

ဒါကြောင့် လာမယ့်အပတ်ဒုတိယအကျော့မှာတော့ ဘိုင်ယန်မြူးနစ်အနေနဲ့ ဂျာမန်မြေမှာ ဆဲလ်တစ်ကို ဆက်လက်နိုင်ပွဲရရှိသွားမလား စောင့်ကြည့်ရပါမယ်။ တစ်ချိန်တည်းမှာပဲ ဖီယင်နုက အေစီမီလန်ကို ၁-၀ ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့ပြီး အိမ်ကွင်းမှာအဖွင့်လှခဲ့ပါတယ်။ ဒါကြောင့် အေစီမီလန်တို့ ဒုတိယအကျော့ အီတလီမြေမှာတော့ မဖြစ်မနေနိုင်ပွဲရအောင်စွမ်းဆောင်သွားဖို့လိုအပ်နေပြီး နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့ ရုန်းကန်သွားရတော့မှာဖြစ်ပါတယ်။ 

မိုနာကိုကလည်း ပြင်သစ်မြေမှာ ဘင်ဖီကာကို ဧည့်ခံယှဉ်ပြိုင်ခဲ့ပေမယ့် ဒုတိယပိုင်းအစမှာ ကစားသမားတစ်ယောက် ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခံခဲ့ရတာကြောင့် ပွဲကစားချိန် မိနစ် ၄၀ လောက်အထိ ကစားသမား ၁၀ ယောက်တည်းနဲ့ကစားခဲ့ရပြီး အိမ်ကွင်းမှာရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ ဘင်ဖီကာအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ပွဲကစားချိန် ၄၈ မိနစ်မှာ ပက်ဗ်လီဒစ်ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။