
ချဲလ်ဆီးဟာ ချန်ပီယံလိဂ်ပါဝင်ခွင့်အတွက် ရည်မှန်းထားတယ်လို့ ဆိုလိုက်တဲ့ မာရက်စ်ကာ
လာမယ့်ရာသီချန်ပီယံလိဂ်ပါဝင်ခွင့်ရရှိဖို့ သူ့အသင်းရဲ့ အဓိကရည်မှန်းချက်ဖြစ်ကြောင်း ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ဝန်ခံခဲ့ပါတယ်။ သူ့ရဲ့အသင်းဟာ လက်ရှိတွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာတွင် ရပ်တည်နေပါတယ်။ ထိပ်ဆုံး ၄ နေရာ အတွင်း ဝင်ရောက်တဲ့ အသင်းဟာ ချန်ပီယံလိဂ်သို့ တိုက်ရိုက်ဝင်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး အဆင့် ၅ နေရာသည်လည်း လုံလောက်မှုရှိနိုင်တာဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် အင်္ဂလန်ဟာ လက်ရှိတွင် ယူအီးအက်ဖ်အေ အသင်းများရဲ့ ရမှတ်ဇယားတွင် ဦးဆောင်နေတာကြောင့် ဖြစ်ပါတယ်။
ချန်ပီယံလိဂ်ပါဝင်ခွင့်ရရှိရန် ရည်မှန်းချက်အပြင် ချဲလ်ဆီးဟာ ယခုရာသီတွင် ကွန်းဖရင့်လိဂ်ကိုပါ အနိုင်ရရှိရန် ရည်မှန်းထားရှိထားပါတယ်။ မာရက်စ်ကာက ကွန်းဖရင့်လိဂ် နောက်ဆုံး ၁၆ သင်း အဆင့်အတွက် မဲခွဲမှု မတိုင်မီ နာရီပိုင်းအလိုတွင် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သတင်းထောက်များအား "ကျွန်တော်တို့ မကြာခဏပြောခဲ့ပါတယ် ထိပ်ဆုံး ၄ နေရာမှာ ရာသီတစ်လျှောက်လုံးနီးပါးရှိနေပြီး ၁၃ ပွဲကျန်တဲ့အချိန်မှာ ရည်မှန်းချက်က ထိပ်ဆုံး ၄ နေရာပါပဲ"
"ဒါကို ရအောင် ကျွန်တော်တို့ အကောင်းဆုံးကြိုးစားမယ်။ အခုအချိန်မှာ ခက်ခဲတဲ့အခြေအနေရှိနေတာကို သိထားပါတယ်။အဓိကအကြောင်းရင်းတစ်ခုက ဒဏ်ရာရတဲ့အခြေအနေပါ။ အရေးပါတဲ့ ကစားသမား ၅ ယောက်၊ ၆ ယောက်က မပါနိုင်ဘဲ ဖြစ်နေပါတယ်" လို့ ပြောပါတယ်။
သူ့ရဲ့ ရည်မှန်းချက်များနှင့်ပတ်သက်ပြီး ထပ်မံရှင်းပြရာတွင်" ကျွန်တော်က ပွဲတွေအနိုင်ရဖို့၊ ဒီကလပ်ကို ချန်ပီယံဆုတွေအတွက် ယှဉ်ပြိုင်နိုင်အောင် လုပ်ဖို့ ဒီမှာရောက်နေတာပါ။ပြဿနာက ပွဲတွေအနိုင်ရတဲ့အခါ ကျွန်တော်တို့ကို နှိမ့်ချတယ်လို့ ထင်ရပြီး ပွဲတွေအနိုင်မရတဲ့အခါ ရည်မှန်းချက်မရှိဘူးလို့ ထင်ရပါတယ်။ ပထမနေ့ကတည်းက ကျွန်တော့်ရည်ရွယ်ချက်က ဒီကလပ်ကို သူရောက်သင့်တဲ့နေရာကို ရောက်အောင် လုပ်ဖို့ပါ" လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
မာရက်စ်ကာ က ထိပ်ဆုံး ၄ နေရာရရှိရန် ရည်မှန်းထားကြောင်း ဝန်ခံခြင်းဟာ ယခုရာသီအစောပိုင်းက သူ့ရဲ့ပြောကြားချက်များနှင့် ကွဲလွဲမှုများရှိနေပါတယ်။ ဩဂုတ်လတုန်းက "ကျွန်တော်ပြောနိုင်တာက ကလပ်ကလူတွေက ဒီနှစ်ချန်ပီယံလိဂ်လိုအပ်တယ်လို့ ကျွန်တော့်ကို မတောင်းဆိုခဲ့ပါဘူး။ ထိပ်ဆုံး ၄ နေရာဝင်ဖို့ လိုတယ်လို့ မပြောခဲ့ပါဘူး။ သူတို့ပြောတာက ကျွန်တော်တို့ အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့နှင့် တစ်ဆင့်ချင်းလုပ်ဖို့ပါ" လို့ မာရက်စ်ကာက ပြောကြားခဲ့တာပါ။
ချဲလ်ဆီးဟာ ရာသီအစပိုင်းတွင် ထိပ်ဆုံး ၄ နေရာရရှိရန် လမ်းကြောင်းပေါ်တွင် ရှိနေခဲ့ပါတယ်။ သို့သော်လည်း သူတို့ဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၉ ပွဲတွင် ၂ ပွဲသာ အနိုင်ရရှိထားပါတယ်။