
ကလပ်ကမ္ဘာ့ဖလားဖိုင်နယ်မှာ ရွှေရောင်အခွင့်အလမ်းတစ်ခုကို အမိအရသိမ်းပိုက်ဖို့ တောင်းဆိုလိုက်တဲ့ မာကွင်ဟို့စ်
ပီအက်စ်ဂျီအသင်းခေါင်းဆောင်မာကွင်ဟို့စ်က သမိုင်းသစ်ရေးထိုးနိုင်မယ့် ရွှေရောင်အခွင့်အလမ်းတစ်ခုကို အမိအရဆုပ်ကိုင်ကြဖို့ သူ့ရဲ့အသင်းဖော်တွေဆီ တောင်းဆိုလိုက်ပါတယ်။
ချန်ပီယံလိဂ်လက်ရှိချန်ပီယံတွေက တနင်္ဂနွေညပိုင်း၊ နယူးယော့ခ်မှာ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် ချဲလ်ဆီးနဲ့ရင်ဆိုင်ရချိန် ပြီးပြည့်စုံတဲ့အောင်ပွဲတစ်ခုဖန်တီးနိုင်မယ့် အခွင့်အလမ်းတစ်ရပ်ကို ပိုင်ဆိုင်ထားပါတယ်။ သူတို့တွေက ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွင်း ပြည်တွင်းပြိုင်ပွဲသုံးရပ်လုံးမှာ ဗိုလ်စွဲခဲ့သလို မေလ၊ ချန်ပီယံလိဂ်ဖိုင်နယ်မှာလည်း အင်တာမီလန်ကို ငါးဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။
ဘရာဇီးခံစစ်မှူးက “ ဒီပွဲစဉ်ရဲ့အရေးပါမှုကို ကျွန်တော်တို့ ကောင်းကောင်းနားလည်ထားပါတယ်။ ဒါက ကျွန်တော်တို့အတွက် ရွှေရောင်အခွင့်အလမ်းတစ်ရပ်ပါပဲ။ ဒါက လေးနှစ်တစ်ကြိမ်ကျင်းပသွားမယ့်ပြိုင်ပွဲ ဖြစ်ပါတယ်။ နောက်ထပ်အခွင့်အရေးတစ်ခုရနိုင်ဦးမလားဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး။ လာမယ့်လေးနှစ်အတွင်း ဘယ်လိုပုံစံမျိုးတွေဖြစ်လာဦးမလဲဆိုတာ ကျွန်တော်တို့ မသိကြပါဘူး။
တုနှိုင်းယှဉ်ဖို့ခက်ခဲလွန်းမယ့် ပြီးပြည့်စုံလှတဲ့ဘောလုံးရာသီတစ်ခုဖြစ်လာအောင် ကျွန်တော်တို့တွေ ဒီဆုဖလားကို သိမ်းပိုက်သွားချင်ပါတယ်။ ဒီဆုဖလားကို တကယ်လိုချင်မိပါတယ်။ ကျွန်တော်တို့တွေ သမိုင်းသစ်ရေးထိုးချင်ပြီး နိုင်ပွဲလည်း အရမ်းဆာလောင်နေပါတယ်”လို့ ပြောပါတယ်။
ပီအက်စ်ဂျီက ရီးရဲလ်မက်ဒရစ်ကို လေးဂိုးပြတ်အနိုင်ယူကာ ဗိုလ်လုပွဲအဆင့်ဆီ တက်လှမ်းလာပြီးနောက် ပြိုင်ပွဲရဲ့ချန်ပီယံအသင်းဖြစ်လာဖို့ ရေပန်းစားမှု မြင့်တက်လာခဲ့ပါတယ်။
ချဲလ်ဆီးကတော့ ပြိုင်ပွဲအကြိုကာလမှာ ဗိုလ်လုပွဲတက်ရောက်ဖို့နဲ့ ဆုကြေးပေါင်သန်း ၉၀ ကျော်အပြင် ချန်ပီယံဆုဖလားရရှိဖို့အတွက် မျှော်လင့်ချက်တွေနဲ့ ဖီဆန်လာခဲ့သူတွေ ဖြစ်ပါတယ်။
မာကွင်ဟို့စ်က “ ကျွန်တော်တို့က ပွဲကောင်းတွေ အများကြီးကစားဖူးပေမယ့် အရင်ပွဲစဉ်တွေအကြောင်း ပြန်ပြောနေရင်း ထောင်ချောက်ထဲဆီ မကျဆင်းသွားသင့်ပါဘူး။ ချဲလ်ဆီးနဲ့ရင်ဆိုင်ရမယ့် ဒီဖိုင်နယ်ပွဲစဉ်မှာလည်း ဇာတ်လမ်းဇာတ်ကွက်သက်သက် ရှိလာပါလိမ့်မယ်။ ဒါတွေက ကွင်းတွင်းမှာ ကျွန်တော်တို့လုပ်သွားမယ့်အရာတွေအပေါ် အများကြီးမူတည်ပါတယ်။
ချဲလ်ဆီးဘာလုပ်သွားမလဲဆိုတာ စောင့်ကြည့်ပြီး ကျွန်တော်တို့ကိုယ်တိုင်လည်း တက်နိုင်သလောက် အကောင်းဆုံးလုပ်ဆောင်သွားရပါမယ်။ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ဘယ်လိုရလဒ်မျိုးတွေထွက်ပေါ်ခဲ့ပါစေ၊ ဗိုလ်လုပွဲမှာတော့ အခွင့်အရေးဆတူ ပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကိုယ်တိုင်လည်း စိတ်လိုလက်ရ အင်ပြည့်အားပြည့် တိုက်စစ်ဆင်ကစားသွားပါမယ်”လို့ ဆက်ပြောခဲ့ပါတယ်။