
ချဲလ်ဆီးအကြောင်း ဖလူမီးနိစ်နည်းပြအဖွဲ့ဆီ အသိပေးပြောကြားသွားမယ့် သီယာဂိုဆေးလ်ဗား
ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဖြစ် ဖလူမီးနိစ်နဲ့ရင်ဆိုင်ရတော့မယ့် ချဲလ်ဆီးနဲ့ပတ်သက်လို့ ကိုယ်ပိုင်အတွေ့အကြုံတွေရှိထားပေမယ့် စပိုင်တစ်ဦးတော့ မဟုတ်ပါဘူးလို့ သီယာဂိုဆေးလ်ဗားက အရွှမ်းဖောက်ပြောဆိုခဲ့ပါတယ်။
ချန်ပီယံလိဂ်ဆုဖလားဆွတ်ခူးနိုင်ခြင်းအပါအဝင် အောင်မြင်တဲ့လေးနှစ်တာကာလကို ဖြတ်သန်းပြီးနောက် ဝါရင့်ဘရာဇီးနောက်ခံလူက ပြီးခဲ့တဲ့နွေရာသီကာလမှာ စတမ်းဖို့ဒ်ဘရစ်ချ်ကို စွန့်ခွာခဲ့ပါတယ်။ အသက်-၄၀ နှစ်အရွယ်မှာပဲ မွေးရပ်မြေဆီ ပြန်ရောက်လာပေမယ့် သူ့ရဲ့သားတွေဖြစ်တဲ့ လာဂိုနဲ့ အီဆာဂိုတို့က ချဲလ်ဆီးအကယ်ဒမီကစားသမားတွေအဖြစ် လန်ဒန်မှာဆက်ရှိနေလို့ သီယာဂိုဆေးလ်ဗားမှာ စတမ်းဖို့ဘရစ်ချ်နဲ့ အနီးကပ်ချိတ်ဆက်မှုတွေ ရှိထားခဲ့ပါတယ်။
ဒါ့အပြင် သီယာဂိုဆေးလ်ဗားက ကော့ဘ်ဟမ်လေ့ကျင့်ရေးကွင်းမှာ အချိန်ကာလတစ်ခုကြာ ဖြတ်သန်းခဲ့ဖူးလို့ ချဲလ်ဆီးစီနီယာကစားသမားတွေနဲ့လည်း နီးစပ်တဲ့ဆက်ဆံရေးမျိုး တည်ဆောက်ထားနိုင်ခဲ့ပါတယ်။ ဒါက သူ့ရဲ့လက်ရှိကလပ်နဲ့ အသင်းဟောင်းအကြား နယူးယောက်မှာ ထိပ်တိုက်တွေ့ဆုံမယ့်ပွဲစဉ်မတိုင်ခင် ထူးခြားတဲ့အခြေအနေတစ်ခုဆီ ရောက်ရှိစေပေမယ့် သူ့အတွေ့အကြုံတွေရဲ့အရေးပါလာနိုင်မှုအကြောင်း ဆွေးနွေးဖို့ကိုတော့ ရှက်ကိုးရှက်ကန်းဖြစ်နေခဲ့ပါတယ်။
သီယာဂိုဆေးလ်ဗားက “ No. ကျွန်တော် သူလျှိုတစ်ဦး မဟုတ်ပါဘူး။ မာရက်စ်ကာအကြောင်း ကျွန်တော် ကောင်းကောင်းမသိပေမယ့် အဲ့ဒီမှာရှိနေတဲ့ ကစားသမားအတော်များများနဲ့ ကျွန်တော် သိကျွမ်းပါတယ်။ ကျွန်တော်က သူတို့တွေနဲ့ သီတင်းပတ်တိုင်း စကားပြောဖြစ်ပါတယ်။ အချို့ဆိုရင် ကျွန်တော်နဲ့ အရမ်းရင်းနှီးပါတယ်။
သူတို့နဲ့ရင်ဆိုင်ရတော့မယ့် ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တစ်ခုမှာ မျှော်လင့်ချက်တွေ အလွန်မြင့်မားနေသလို စိုးရိမ်ကြောင့်ကြမှုတွေလည်း မြင့်မားနေပါတယ်။ ဒါကြောင့် ကျွန်တော်က စိတ်ဝင်စားစရာ အသေးစိတ်အချက်အလက်လေးတွေကို ပြောပြခြင်းဖြင့် နည်းပြအဖွဲ့ဝင်တွေကို ကူညီပေးဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် ဒီလိုကိစ္စမျိုးက ကျွန်တော်တို့အကြားမှာရှိနေရမယ့် အရာတွေပါပဲ။
မကြာသေးခင်ကပဲ ကျွန်တော့်ကလေးတွေကို ကြည့်ရင်း လေ့ကျင့်နိုင်ဖို့အတွက် လန်ဒန်မြို့ဆီ သွားခဲ့ပါသေးတယ်။ သိပ်အများကြီးမလုပ်နိုင်ဘူးဆိုရင်တောင် ကျွန်တော်တို့ အခုပွဲစဉ်အတွက် ပြင်ဆင်ထားပါတယ်။ ဒါက အရေးအကြီးဆုံးအရာဖြစ်မယ်လို့ပဲ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ ဘယ်ပြိုင်ဘက်ပဲဖြစ်နေပါစေ၊ ဖလူမီးနိစ်မှာ ထူးရှယ်သြဇာရှိနေတဲ့ ပရိသတ်အစုအဝေးကြီးတစ်ခု ရှိနေတယ်လို့ ထင်ပါတယ်။ မနက်ဖြန်ပွဲစဉ်မှာလည်း ကျွန်တော်တို့တွေ အတူတကွတိုက်ပွဲဝင်သွားနိုင်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။