
ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ချဲလ်ဆီးအတွက် ပါဝင်ကစားပေးနိုင်ဖွယ်ရှိတဲ့ ကိုင်စီဒို
အခုသီတင်းပတ်ကုန်၊ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် ကလပ်ကမ္ဘာ့ဖလားပွဲစဉ်မတိုင်ခင် ဒဏ်ရာမှ အချိန်မီပြန်လည်ကောင်းမွန်လာစေရေးအတွက် ချဲလ်ဆီးကွင်းလယ်ကစားသမားကိုင်စီဒိုက ကြာသပတေးနေ့မှာ လေ့ကျင့်ရေးပြန်လည်စတင်လာခဲ့ပါတယ်။ အီကွေဒေါလက်ရွေးစင်ကစားသမားက ဖလူမီနိစ်နဲ့ရင်ဆိုင်ရတဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ရဲ့ပွဲချိန်နှောင်းပိုင်းမှာ ဒဏ်ရာပြဿနာတစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီး နယူးဂျာစီဖိုင်နယ်ပွဲစဉ်ကို ပါဝင်ကစားနိုင်ဖို့ သံသယနဲ့ စောင့်ကြည့်နေရပါတယ်။
ချဲလ်ဆီးက ဘရာဇီးကလပ်အသင်းနဲ့ထိပ်တိုက်ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ အသင်းအတွက် ပထမဆုံးအကြိမ် ပွဲထွက်လာတဲ့ တိုက်စစ်မှူးဂျော်အိုပက်ဒရိုရဲ့သွင်းဂိုးတွေနဲ့အတူ ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီပွဲစဉ်နှောင်းပိုင်းမှာ အားထားရတဲ့ကွင်းလယ်လူကိုင်စီဒို ဒဏ်ရာပြဿနာပေါ်ပေါက်ခဲ့လို့ မာရက်စ်ကာအတွက် စိုးရိမ်စရာတွေ ရှိလာခဲ့ပါတယ်။
ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အင်တာမီလန်ကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ပီအက်စ်ဂျီက ကလပ်ကမ္ဘာ့ဖလားမှာလည်း ရီးရဲလ်မက်ဒရစ်ကို ဂိုးပြတ်ချေမှုန်းပြီး ဥရောပရဲ့အကောင်းဆုံးအသင်းအဖြစ် မှတ်ကျောက်တင်ခဲ့ပါတယ်။ ဒါကြောင့် အခုလိုပြိုင်ဘက်မျိုးနဲ့ရင်ဆိုင်ရချိန်မှာ မာရက်စ်ကာအတွက် ကိုင်စီဒိုက မရှိမဖြစ် အရေးပါနေပါတယ်။ အထူးသဖြင့် ဂျော်အိုနီဗက်စ်၊ ဗီတင်ဟာ၊ ဖေဘီယန်ရုဇ်တို့ပါဝင်လာမယ့် ပြိုင်ဘက်ကွင်းလယ်ကို အင်တိုက်အားတိုက်ယှဉ်ပြိုင်နိုင်ဖို့ အသက်-၂၃ နှစ်အရွယ်ကစားသမားရဲ့တည်ငြိမ်မှု၊ ခွန်အားနဲ့ ကျွမ်းကျင်မှုတွေ မရှိမဖြစ် လိုအပ်နေပါတယ်။
ကိုင်စီဒိုရဲ့အခြေအနေနဲ့ပတ်သက်လို့ သတိနဲ့အကောင်းမြင်နေတဲ့ မာရက်စ်ကာက “ သူ နာကျင်သွားတဲ့အချိန် ကျွန်တော်က သူ့ကို နှစ်မိနစ်၊ သုံးမိနစ်လောက်ပဲကစားဖို့ ကျန်တော့တယ်၊ လက်ကျန်ကစားသမား ၁၀ ဦးနဲ့ ဒီပွဲစဉ်ကို ဆက်ကစားမယ်လို့ ပြောပြခဲ့ပါတယ်။ ဦးစားပေးကိစ္စကတော့ တနင်္ဂနွေနေ့ဖိုင်နယ်ပွဲစဉ်မတိုင်ခင် ဒဏ်ရာအခြေအနေပိုမိုဆိုးရွားလာနိုင်မှု ကို ရှောင်ရှားသွားဖို့ပဲ ဖြစ်ပါတယ်။ ကိုင်စီဒိုကတော့ သူ ဆက်ကစားနိုင်သေးတယ်လို့ ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ သူပြန်ဝင်ကစားချိန်မှာ နာကျင်မှု ပြန်လည်ပေါ်ပေါက်လာပါတယ်။ပြင်းပြင်းထန်ထန်မဖြစ်ဖို့နဲ့ အချိန်မီသက်သာလာဖို့ မျှော်လင့်မိပါတယ်။ သူ့ရဲ့အခြေအနေကို ကျွန်တော်တို့တွေ နေ့အလိုက်အကဲဖြတ်သွားပါမယ်”လို့ ပြောပါတယ်။
လာမယ့်တနင်္ဂနွေနေ့၊ MetLife Stadium ကွင်းပွဲစဉ်က ကမ္ဘာလုံးဆိုင်ရာအောင်ပွဲတစ်ခု ချဲလ်ဆီးဆီ ယူဆောင်လာပေးဖို့ ရည်မှန်းထားတဲ့ အန်ဇိုမာရက်စ်ကာအတွက် အပြင်းထန်ဆုံးစမ်းသပ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် အန်ဇိုဖာနန်ဒက်ဇ်၊ ကိုးလ်ပယ်လ်မာ၊ ဂျော်အိုပက်ဒရိုတို့လို ကစားသမားတွေ နောက်ထပ်ခြေစွမ်းပြသနိုင်ဖို့ လိုအပ်သလို ကွင်းလယ်ခံစစ်တည်ဆောက်ပုံခိုင်မာနေဖို့လည်း အရေးကြီးနေပြန်ပါတယ်။ ဒါကြောင့် ကိုင်စီဒိုပါဝင်နိုင်မှုရှိ၊မရှိဆိုတဲ့အချက်က မဆုတ်မနစ်တိုက်ပွဲဝင်လာမယ့် ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရချိန် ချိန်ခွင်လျှာတဖက်စောင်းနင်းမဖြစ်သွားစေဖို့ အတော်လေးအရေးပါနေပါတယ်။