The network connection is lost.

Banner Image

အမြင့်ပျံနယူးကာဆယ်ဆီမှ တိုးတက်မှုမြင်တွေ့ရဖို့ လိုလားနေတဲ့ ဟိုဝီ

ဒီနေ့မနက်ပိုင်း၊ ဝုဗ်ကို သုံးဂိုးပြတ်အနိုင်ယူကာ ပြိုင်ပွဲစုံကိုးပွဲဆက်နိုင်ပွဲဖော်ဆောင်ခဲ့ပေမယ့် နယူးကာဆယ်က အကောင်းဆုံးပုံစံမှာ မရှိနေသေးသလို ဆန်းသစ်တီထွင်နိုင်စွမ်းလည်း မရှိသေးဘူးလို့ နည်းပြအက်ဒီဟိုဝီက အတိအလင်းထုတ်ဖော်ဝန်ခံပြောဆိုခဲ့ပါတယ်။

အခုဘောလုံးရာသီ၊ ပရီမီးယားလိဂ်ရှစ်ပွဲဆက်ဂိုးသွင်းယူနိုင်သူဖြစ်လာတဲ့ အီဆက်ခ်ရဲ့သွင်းဂိုးနှစ်ဂိုးအပါအဝင် ဒီမနက်ပိုင်းနိုင်ပွဲက နယူးကာဆယ်ရဲ့အမှတ်ပေးဇယားထိပ်ဆုံးလေးသင်းစာရင်းဝင်နိုင်ရေးမျှော်လင့်ချက်ကို အားကောင်းလာစေခဲ့ပါတယ်။ ဟိုဝီက “ကျွန်တော်တို့တွေ စိတ်ရှည်ရှည်ထားပြီး မတူကွဲပြားတဲ့ပုံစံတစ်ခုနဲ့ ကစားသွားဖို့ လိုအပ်ခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်အတွင်းမှာ ကျွန်တော်တို့အသင်း ဘောလုံးပိုင်ဆိုင်ခွင့် အများကြီးရရှိခဲ့ပါတယ်။ ဝုဗ်က ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်လာလိမ့်မယ်ဆိုတာလည်း ကျွန်တော်တို့ သိခဲ့ကြပါတယ်။ ကျွန်တော်တို့တွေ ဦးဆောင်ဂိုးရရှိပြီး ပထမပိုင်းပွဲချိန်တွေကို ကံကောင်းမှုအပြည့်နဲ့ပိတ်သိမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ခြုံပြီးစဉ်းစားကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့နဲ့ ထိုက်တန်တဲ့ နိုင်ပွဲလို့ ထင်ပါတယ်။

ပွဲရဲ့အခြေအနေအပေါ် မူတည်ပြီး အနိုင်ရလဒ်ဖော်ဆောင်ဖို့အတွက် မတူကွဲပြားတဲ့နည်းလမ်းတွေ လိုအပ်ပါတယ်။ဗွေဆော်ဦးဂိုးကတော့ ဒီနေ့အတွက် အတော်လေးအရေးကြီးခဲ့ပါတယ်။ ကျွန်တော်တို့မှာ စိုးရိမ်စရာအချို့ရှိခဲ့ပါတယ်။ ဝုဗ်ဆိုတာကလည်း ရင်ဆိုင်ဖို့ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်ပါတယ်။

ခြုံပြောရမယ်ဆိုရင် သိပ်ပြီးတော့လည်း ဇီဇာကြောင်နေလို့ မရပါဘူး။ အခုဆို ကျွန်တော်တို့တွေ ကိုးပွဲဆက်တိုက် အနိုင်ရရှိခဲ့ပါပြီ။ ဒီနေ့ထက်ပိုကောင်းအောင် ကစားနိုင်စွမ်း ကျွန်တော်တို့မှာ ရှိတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ နိုင်ပွဲရရှိဖို့ အသေးစိတ်လုပ်ဆောင်ရမယ့်အချက်တွေ လုံလုံလောက်လောက် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အပေါင်းလက္ခဏာဆောင်တဲ့အရာတွေ အများကြီးရှိသလို တိုးတက်ရမယ့်အရာတွေလည်း ရှိပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်သွင်းဂိုး ၁၅ ဂိုးအထိ ရယူထားနိုင်တဲ့ အီဆက်ခ်ရဲ့ ပြိုင်ဘက်ဂိုးဧရိယာအတွင်း တည်ငြိမ်အေးဆေးမှုက ကစားသမားရဲ့အကောင်းဆုံးအရည်အချင်းတွေထဲမှာ ပါဝင်တယ်လို့ ဟိုဝီက သုံးသပ်ခဲ့ပါတယ်။ ဟိုဝီက “ဒါက သူ့ရဲ့အကြီးမားဆုံးခွန်အားတွေအနက် တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့တည်ငြိမ်အေးဆေးမှုနဲ့ အဆုံးသတ်စွမ်းရည်က အမြင့်ဆုံးအဆင့်အတန်းမှာ ရှိနေပါပြီ။ ထိပ်တန်းအဆင့်ကစားသမားတွေမှာပဲ ရှိတဲ့ နောက်ထပ်ဒုတိယမြောက် စိတ်ပိုင်းဆိုင်ရာတည်ငြိမ်အေးဆေးမှုလည်း သူ့မှာ ရှိပါတယ်”လို့ ပြောပါတယ်။