The network connection is lost.

Banner Image

ကနေဒါကြယ်ပွင့် ဂျိုနသန်ဒေးဗစ်ကို ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်လာတဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်ဟာ ယခုနွေရာသီအတွင်း လိုင်လီမှထွက်ခွာလာခဲ့တဲ့ ကနေဒါကြယ်ပွင့်တိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်ကို ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်နေပြီလို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ဂျူဗင်တပ်စ်ဟာ ဒေးဗစ်အတွက် ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းချက်ပြုလုပ်ခဲ့တာကြောင့် သဘောတူညီမှုရရှိဖို့ အလားအလာများနေတယ်လို့သိရပါတယ်။ လောလောဆယ်မှာတော့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေဆဲဖြစ်ပေမယ့် မကြာခင်မှာပဲ ကစားသမားဘက်က မီးစိမ်းပြတော့မယ်လို့ ရိုမာနိုကဆိုပါတယ်။ 

ဒေးဗစ်ကို မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်တို့အပါအဝင် ဥရောပကလပ်အသင်းကြီးတွေက ချိတ်ဆက်မှုတွေပြုလုပ်နေကြပေမယ့် အသက်-၂၅ နှစ်အရွယ်ကစားသမားဟာ အီတလီမြေသို့သာသွားရောက်ကစားလိုနေတာဖြစ်ပါတယ်။ ကလပ်အသင်းအတွက်သာမက နိုင်ငံအသင်းအတွက်ပါ ထူးရှယ်ခြေစွမ်းပြသထားတဲ့ ဒေးဗစ်ဟာ မကြာခင်မှာပဲ ကစားသမားဘဝ အကြီးမားဆုံးသော ပြောင်းရွှေ့မှုကို ပြုလုပ်တော့မှာဖြစ်ပါတယ်။ 

၂၀၂၀ ခုနှစ်အတွင်း ဂျန့်မှာ ကစားနေခဲ့တဲ့ ဒေးဗစ်ကို ဆဲလ်ဘတ်နဲ့ စတုဂတ်တို့က ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပေမယ့် ကစားသမားဟာ လိုင်လီသို့သာပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ၂၃၂ ပွဲကစားခဲ့ရာမှာ ၁၀၉ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ ကနေဒါသားရဲ့ ဂိုးသွင်းစွမ်းရည်ဟာ နှစ်စဉ်နှစ်တိုင်းမှာ ပိုမိုတိုးတက်လာခဲ့ပြီး ပြီးခဲ့တဲ့ ၃ ရာသီအတွင်း တစ်ရာသီကိုအနည်းဆုံး ၂၅ ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

ဒေးဗစ်ဟာ ကနေဒါလက်ရွေးစင်အသင်းအတွက် ၆၇ ပွဲကစားထားခဲ့ပြီး ၃၆ ဂိုးအထိသွင်းယူပေးထားပါတယ်။လောလောဆယ်မှာတော့ အပြောင်းအရွှေ့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေက အပြုသဘော‌ဆောင်နေတာကြောင့် ဒေးဗစ်အနေနဲ့ ၂၀၂၅-၂၆ ရာသီအကြိုကာလမှာပဲ ဂျူဗင်တပ်စ်နဲ့ ချိတ်ဆက်သွားဖွယ်ရှိပါတယ်။