The network connection is lost.

Banner Image

ယခုနှစ်ဘောလွန်းဒီအော်ဆုအတွက် ဆာလက် ထိပ်တန်းနေရာကနေ ပါဝင်လာမယ်လို့ ခန့်မှန်းပြောကြားလာတဲ့ စတာရစ်ဂျ်

လီဗာပူးကြယ်ပွင့်ဟောင်း ဒန်နီယယ်စတာရစ်ဂျ်က ဒီရာသီမှာ အသင်းအတွက် အထူးခြေစွမ်းပြသနေပြီး တည်ငြိမ်ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို ထိန်းသိမ်းထားနိုင်တဲ့ တောင်ပံကစားသမား မိုဟာမက်ဆာလက်ဟာ ယခုနှစ်ဘောလွန်းဒီအော်ဆုအတွက် ထိပ်တန်းနေရာကနေ ပါဝင်လာလိမ့်မယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

ယမန်နေ့ညက မန်စီးတီးကို ၀-၂ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်း ဆာလက်ဟာ လီဗာပူးရဲ့တိုက်စစ်မှာ တာဝန်အကျေဆုံးကစားသမားဖြစ်ခဲ့ပြီး ဦးဆောင်ဂိုးကိုသွင်းယူကာ အသင်းဖော် ဒိုမီနစ်ဆိုဘိုဆလိုင်းအတွက် သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အီဂျစ်သားဟာ ဒီရာသီမှာကစားထားတဲ့ ပရီးမီးယားလိဂ် ၂၇ ပွဲမှာ သွင်းဂိုး ၂၅ ဂိုးအထိရှိနေခဲ့ပြီး၊ ဂိုးဖန်တီးမှု ၁၆ ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

ဆာလက်ကခြေစွမ်းပြနေသလို လီဗာပူးကလည်း အကောင်းဆုံးပုံစံမှာရှိနေပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေကာ ဒုတိယနေရာက အနီးကပ်ဆုံးပြိုင်ဘက် အာဆင်နယ်ကို ၁၁ မှတ်အထိဖြတ်တောက်ထားနိုင်ပါတယ်။ ဒါ့အပြင် အန်းစလော့ရဲ့အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှုံးထွက် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်လှမ်းထားသလို၊ ကာရာဘောင်ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ ရောက်ရှိနေတာဖြစ်ပါတယ်။ 

ဒါကြောင့် ကလပ်ရဲ့အောင်မြင်မှု၊ တစ်ဦးချင်းအောင်မြင်မှုတွေနဲ့အတူ ဆာလက်ဟာ ယခုနှစ်ဘောလွန်းဒီအော်ဆုအတွက် ရေပန်းအစားဆုံးဖြစ်လာဖို့အခွင့်အရေးများနေကာ ယခုအခါမှာတော့ ကာရေဂါက အီဂျစ်သားဟာ လီယွန်နယ်မက်ဆီနဲ့ ခရစ္စတီယာနိုရော်နယ်ဒို့ခေတ်ကလို ရာသီကောင်းတစ်ခုကို ဖန်တီးထားနိုင်တယ်လို့ နှိုင်းယှဉ်ပြောကြားလာခဲ့ပါတယ်။ 

ကာရေဂါက "ဆာလက်က မက်ဆီနဲ့ ရော်နယ်ဒိုတို့ခေတ်ကလို ရာသီကောင်းတစ်ခုကို ဖန်တီးထားနိုင်ခဲ့ပါပြီ" လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး စတာရစ်ဂျ်က "ကျွန်တော်တို့အခုပြောနေတာ ဘောလွန်းဒီအော်အကြောင်းပါ။ ဘောလွန်းဒီအော်အကြောင်းပြောမနေဘူးဆိုရင် ဒီစကားဝိုင်းမှာ ဆာလက်အကြောင်းလည်း ပါလာမှာမဟုတ်ပါဘူး။ ဒီနှစ်ဘောလွန်းဒီအော်ဆုအတွက် ပြောရမယ်ဆိုရင် ဆာလက်အကြောင်းကို အရင်ပြောမှရပါမယ်။ သူ့အနေနဲ့ ထိပ်ဆုံး ၅ ဦးစာရင်း၊ ဒါမှမဟုတ် ထိပ်ဆုံး ၃ ဦးစာရင်းမှာပါဝင်လာမလား ကျွန်တော်မသိသေးပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး အရင်နှစ်တွေမှာ ဆာလက်ကဘာကြောင့် ထိပ်ဆုံးနေရာတွေမှာ မရှိခဲ့တာလဲဆိုတဲ့မေးခွန်းကို စတာရစ်ဂျ်က "ဒီဆုရဲ့သမိုင်းအရ ဘောလွန်းဒီအော်ဟာ လာလီဂါကစားသမားတစ်ယောက်ဆီပဲ ရောက်နေတာမို့ပါ" လို့ဖြေကြားခဲ့ပါတယ်။  ပြီးခဲ့တဲ့နှစ်ဘောလွန်းဒီအော်ဆုအတွက် ဆန်ခါတင်စာရင်းမှာ ဆာလက်ဟာ ထိပ်ဆုံးအယောက် ၃၀ စာရင်းသာဝင်ခဲ့သလို၊ ၂၀၂၃ ခုနှစ်မှာလည်း အဆင့် ၁၆ နေရာမှာသာရပ်တည်ခဲ့ပါတယ်။ ၂၀၂၂ ကာရင်ဘန်ဇီမာဆွတ်ခူးခဲ့တဲ့နှစ်မှာတော့ ကစားသမားဟာ ဆန်ခါတင်စာရင်းရဲ့ အဆင့် ၅ နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။ ယခုနှစ်မှာတော့ ဆာလက်အနေနဲ့ လက်ရှိခြေစွမ်းကို ရာသီကုန်အထိထိန်းသိမ်းသွားနိုင်ခဲ့မယ်ဆိုရင် ပိုမိုကောင်းတဲ့အဆုံးသတ်မှုမျိုးနဲ့ကြုံတွေ့ရဖို့ရှိနေပါတယ်။