
အာနိုးလ်ဘာကြောင့် ရီးရဲလ်မက်ဒရစ်သို့ပြောင်းသင့်သလဲ ရှင်းပြလာတဲ့ ဘင်နီတက်ဇ်
လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ရာဖာဘင်နီတက်ဇ်က ထရန့်အလက်ဇန်းဒါးအာနိုးလ်အနေနဲ့ အန်ဖီးလ်ကို စွန့်ခွာပြီး ဆန်တီယာဂိုဘာနေဗျူးသို့ ဘာကြောင့် ပြောင်းရွှေ့သင့်သလဲဆိုတာ ရှင်းပြပြောဆိုလာခဲ့ပါတယ်။ ဘင်နီတက်ဇ်က အာနိုးလ်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့တိုက်စစ်ပိုင်းကို ဘယ်လိုဘယ်ပုံအထောက်အကူပြုနိုင်ကြောင်း ရှင်းပြလာခဲ့ပြီး လီဗာပူးအနေနဲ့ အင်္ဂလန်သားကို အခုထက်ပိုမိုတိုးတက်အောင် အကူအညီပေးနိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ဘင်နီတက်ဇ်က "သူက တိုက်စစ်ကိုလိုက်ပါကစားတဲ့ ကစားသမားမျိုးပါ။ ဒါကြောင့် တိုက်စစ်ကိုအသားပြုပြီးကစားတဲ့အသင်းမျိုးနဲ့ ပိုသင့်တော်ပါတယ်။ ရီးရဲလ်မှာဆိုရင် အာနိုးလ် အခုထက်ပိုပြီး အခွင့်အရေးတွေဖန်တီးပေးနိုင်ဖို့ရှိပါတယ်။ သူ အခု လီဗာပူးမှာလည်း အခွင့်အရေးဖန်တီးမှုတွေပြုလုပ်နိုင်ပေမယ့် ရီးရဲလ်မှာဆိုရင်တော့ အခုထက်ပိုကောင်းတဲ့ခြေစွမ်းမျိုးကို အကြာကြီးထိန်းသွားနိုင်ပါလိမ့်မယ်"
"လီဗာပူးပရိသတ်တစ်ယောက်အနေနဲ့ သူ့ကိုလီဗာပူးမှာထားတာက အသင်းအတွက်အများကြီးပိုကောင်းနိုင်တယ်လို့ ပြောနိုင်ပေမယ့် ရီးရဲလ်မက်ဒရစ်မှာဆိုရင်တော့ ရီးရဲလ်အတွက်ရော သူ့အတွက်ပါ ပိုကောင်းပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။ အန်ဖီးလ်မှာ အာနိုးလ်ရဲ့စာချုပ်ဟာ ယခုနှစ်ရာသီအကုန်မှာပဲ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လီဗာပူးအနေနဲ့ ကစားသမားကို စာချုပ်သစ်ကမ်းလှမ်းထားတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။သို့သော်လည်း ကစားသမားဟာ ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာကြောင့် အခုချိန်အထိတော့ စာချုပ်သစ်ကို သဘောတူလက်မှတ်ရေးထိုးခြင်းမရှိသေးပါဘူး။
နွေရာသီအပြောင်းအရွှေ့ရောက်ရှိဖို့က လအနည်းငယ်သာလိုတော့တာကြောင့် အာနိုးလ်အနေနဲ့ ဆုံးဖြတ်ချက်တစ်ခုကို မကြာခင်မှာပဲ ပိုင်ပိုင်နိုင်နိုင်ချမှတ်သွားနိုင်ဖို့လိုအပ်နေပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ လီဗာပူးဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုဗ်ကို အိမ်ကွင်းမှာဧည့်ခံကစားသွားရမှာဖြစ်ပြီး အာနိုးလ်တစ်ယောက် အသင်းအတွက် ဆက်လက်ပွဲထွက်ကစားလာဖွယ်ရှိပါတယ်။