
ဖရန့်ဖတ်ကိုအနိုင်ရပြီးနောက် အသင်းရဲ့စွမ်းဆောင်ရည်ကို ချီးကျူးလိုက်တဲ့ ဟယ်ရီကိန်း
တနင်္ဂနွေနေ့က ဖရန့်ဖတ်ကို ၄ ဂိုးပြတ်အနိုင်ရပြီးနောက် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ကိန်းက အသင်းရဲ့စွမ်းဆောင်ရည်ကို ချီးကျူးလိုက်ပြီး ပြိုင်ဘက်တွေကို သတိပေးလိုက်ပါတယ်။ ဘိုင်ယန်ဟာ တတိယနေရာက ဖရန့်ဖတ်ကို အိုလစ်ဆီ ၊ အီတို ၊ မူစီယာလာ ၊ ဂနာဘရီတို့ရဲ့ဂိုးတွေနဲ့ အနိုင်ယူကာ ထိပ်ဆုံးနေရာကနေ ၈ မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။ ကိန်းကတော့ ပေါင်ဒဏ်ရာကြောင့်လေ့ကျင့်ခန်းလွဲချော်ခဲ့ပြီးနောက် ၂၅ မိနစ်လောက်သာ လူစားဝင်ကစားခွင့်ရခဲ့ပါတယ်။
အင်္ဂလန်သားက အရန်ခုံကနေ သူမြင်ရတာနဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြောကြားလာခဲ့တာဖြစ်ပါတယ်။ “တကယ့်ကို အစကနေ အဆုံးအထိ အရမ်းကိုကောင်းတဲ့စွမ်းဆောင်ရည်ပါ။ ကျွန်တော်တို့ ဘောလုံးမရှိချိန်မှာလည်း ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ဒီလိုအရည်အချင်းမျိုးအမြဲတမ်းပြသနိုင်ဖို့ လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေဖန်တီးနိုင်ဖို့ လိုအပ်ပါတယ်။ ဘောလုံးမရှိချိန် ဖိအားပေးရာမှာလည်း ကျွန်တော်တို့ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။
သူတို့က နေရာလွတ်တွေအများကြီးရှာနိုင်တဲ့အသင်းဆိုတာ သိထားသလို အကူးအပြောင်းနဲ့ကစားရာမှာလည်း ထူးချွန်တဲ့အသင်းပါ။ ကျွန်တော်တို့ အခုဆို ထိပ်ဆုံးနေရာမှာ ရှိနေနိုင်ပါပြီ။ ဒီလိုမျိုးနောက်ပွဲတွေမှာ ဖိအားကင်းကင်းနဲ့ကစားမယ်ဆိုရင် ကျွန်တော်တို့ လိုချင်တဲ့ရလဒ်မျိုးရလာမှာသေချာပါတယ်”လို့ ကိန်းက ပြောကြားခဲ့ပါတယ်။
ကိန်းမပါဝင်နိုင်ပေမယ့် တော့တင်ဟမ်အသင်းဖော်ဟောင်း အဲရစ်ဒိုင်ယာက စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဒိုင်ယာနဲ့ပတ်သက်ပြီးလည်း ကိန်းက “သူ(ဒိုင်ယာ)က တကယ့်ကိုထူးချွန်ခဲ့ပါတယ်။ သူစရောက်လာချိန်ကတည်းက ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်မှာကော ပြည်တွင်းလိဂ်မှာပါ အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။ သူက ကျွန်တော်တို့ထဲက စွမ်းဆောင်ရည်တည်ငြိမ်တဲ့ကစားသမားတွေထဲကတစ်ဦးပါ။ ဒီရာသီမှာလည်း မနှစ်ကလို စွမ်းဆောင်ရည်မျိုးပြသနေပါတယ်။ သူ့အတွက် တကယ်ဝမ်းသာမိပါတယ်”လို့ ကိန်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဘိုင်ယန်ဟာ လာမယ့်သောကြာနေ့မှာ အဆင့် ၇ နေရာက စတုဂတ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် မတ်လ ၅ ရက်နေ့မှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပထမအကျော့ပွဲအဖြစ် ပြည်တွင်းပြိုင်ဘက် လေဗာကူဆင်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။