ဆလိုဗေးနီးယားနဲ့ပွဲမှာ အင်္ဂလန်ဟာ ပထမ ၂ ပွဲကထက် ပိုကောင်းအောင်ကစားနိုင်ခဲ့တယ်လို့ ပြောကြားလာတဲ့ ဟယ်ရီကိန်း
အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ယနေ့နံနက် ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုအုပ်စုအဆင့် နောက်ဆုံးပွဲစဉ်မှာ ဆလိုဗေးနီးယားကို ၀-၀ နဲ့ သရေကျခဲ့သော်လည်း အသင်းဟာ ယခုပွဲမှာ ဆားဘီးယား၊ ဒိန်းမတ်တို့နဲ့ပွဲစဉ်တွေထက် အများကြီးပိုကောင်းအောင်ကစားနိုင်ခဲ့တယ်လို့ ပြောကြားလာခဲ့ပါတယ်။
ဂါရတ်ဆောက်ဂိတ်ရဲ့အသင်းဟာ ယခုပွဲစဉ်မှာ သရေ ရလဒ်သာဖော်ဆောင်နိုင်ခဲ့သော်လည်း အုပ်စုအတွင်း အခြားပွဲစဉ်မှာ ဆားဘီးယားနဲ့ ဒိန်းမတ်တို့ကလည်း ၀-၀ နဲ့သရေကျခဲ့တာကြောင့် အုပ်စုပထမနေရာနဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ ကိန်းက “ဒီပြိုင်ပွဲမစခင်ကတည်းက ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က အုပ်စုဗိုလ်နဲ့နောက်တစ်ဆင့်ကို တက်ဖို့ပါ။ ကျွန်တော်တို့အဲဒါကို သေချာအောင်ပြုလုပ်နိုင်ခဲ့လို့ အခုတော့ ပထမခြေလှမ်းကိုလှမ်းနိုင်ခဲ့ပါပြီ။ ဒီပွဲက အတော်လေးခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂ ပွဲကထက်ပိုကောင်းတဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပါတယ်။ အင်အားအပြည့်နဲ့ ဘောလုံးကိုထိန်းချုပ်ပြီးကစားနိုင်ခဲ့ပေမယ့် ဂိုးတော့မသွင်းနိုင်ခဲ့ပါဘူး။ ကောင်းကောင်းအနားယူသွားပြီးနောက်ပွဲအတွက် ပြင်ဆင်သွားမှာပါ။ ပြီးခဲ့တဲ့ပြိုင်ပွဲတုန်းကလည်း ဒီလိုပဲ ရှုံးထွက်အဆင့်တွေမှာ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း တူညီတဲ့ရလဒ်မျိုးကို ပုံဖော်နိုင်ဖို့မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဆောက်ဂိတ်ဟာ အသင်းရဲ့ကွင်းလယ်ပိုင်းကို ပြောင်းလဲမှုအချို့ပြုလုပ်ခဲ့ပြီး ဝေဖန်ခံခဲ့ရတဲ့ ထရန့်အလက်ဇန်းဒါးအာနိုးလ်ရဲ့နေရာမှာ ကော်နာဂယ်လာဟာကို အစားထိုးအသုံးပြုလာခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ဒုတိယပိုင်းအစမှာတော့ ဂယ်လာဟာကို ထုတ်ပယ်ပြီးကိုဘီမိုင်နူးကို အစားထိုးထည့်သွင်းခဲ့ပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာဆောက်ဂိတ်ဟာ ချဲလ်ဆီးကြယ်ပွင့် ကိုးလ်ပယ်မာနဲ့ အန်တိုနီဂေါ်ဒွန်တို့ကို ထည့်သွင်းပြီး ဂိုးရရှိဖို့ကြိုးစားခဲ့ပါသေးတယ်။
ယခုအခါမှာတော့ အင်္ဂလန်အသင်းအနေနဲ့ ရှုံးထွက် ၁၆ သင်းအဆင့်မှာတွေ့ကြုံရမယ့် ပြိုင်ဘက်ကို ဗုဒ္ဓဟူးနေ့ညပွဲစဉ်တွေအပြီးမှာ သိရှိရမှာဖြစ်ပြီး နယ်သာလန် ဒါမှမဟုတ် ဘယ်လ်ဂျီယံ၊ ရိုမေးနီးယား၊ ယူကရိန်းနဲ့ ဆလိုဗက်ကီးယားတို့ထဲမှ တစ်သင်းသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ အဆိုပါ ၁၆ သင်းအဆင့်ပွဲစဉ်ကိုတော့ အုပ်စုအဖွင့်ပွဲမှာ အင်္ဂလန်က ဆားဘီးယားကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ ဂျယ်လ်ဆင်ကာချန်အားကစားကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
တိုက်စစ်မှူး “ဟယ်ရီကိန်းအပြင် အသင်းရဲ့နောက်ခံကြယ်ပွင့် ဂျွန်စတုန်းစ်ကလည်း အင်္ဂလန်ဟာ လမ်းကြောင်းမှန်ပေါ်သို့ ခြေတစ်လှမ်းတက်လှမ်းနိုင်ခဲ့တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ မန်စီးတီးကြယ်ပွင့်က ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့အရာပေါ်မှာ ကောင်းကောင်းအာရုံစိုက်နိုင်ခဲ့ပြီး လာမယ်အဆင့်မှာလည်း ပိုကောင်းအောင်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ခြေတစ်လှမ်းလှမ်းနိုင်ခဲ့ပြီး လိုချင်တဲ့ရလဒ်မဟုတ်ခဲ့ပေမယ့် အုပ်စုပထမနေရာကို ရရှိခဲ့လို့ ကျေနပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။