
လက်ရှိပုံစံကောင်းကို ဆက်လက်ထိန်းထားနိုင်ရေး ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ အိုနာနာ
လက်ရှိနိုင်ပွဲဆက်နေမှုကို ထိန်းသိမ်းထားနိုင်ဖို့ မန်ချက်စတာယူနိုက်တက်လူစာရင်းမှာ ခိုင်မာတဲ့ စိတ်ဓါတ်လှုံ့ဆော်မှုတစ်ခု ရှိနေပြီလို့ ဂိုးသမားအိုနာနာက ယုံကြည်နေပါတယ်။
သရဲနီတွေက ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ အဝေးကွင်းမှာ လူတန်တောင်းကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီးနောက် ပြိုင်ပွဲစုံငါးပွဲဆက်အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ အိုနာနာက အခုလိုနိုင်ပွဲဆက်နေမှုအတွက် အရေးအကြီးဆုံးအချက်မှာ အသင်းရဲ့စိတ်ဓါတ်ပိုင်းဖြစ်ပြီး လာမယ့်တနင်္ဂနွေနေ့၊ အိုးထရက်ဖို့ဒ်မှာ ဖူလ်ဟမ်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်အပါအဝင် ပွဲစဉ်တိုင်းမှာ အခုလိုစိတ်ဓါတ်ပိုင်းကို မြင်တွေ့ရဖို့ လိုလားနေပြန်ပါတယ်။
လူတန်တောင်းကို အနိုင်ရရှိတဲ့ပွဲစဉ်အပြီး MUTV နဲ့တွေ့ဆုံချိန် ဂိုးသမားက “ အမှန်ပါပဲ၊ ဒါကြောင့်ပဲ ကျွန်တော်တို့ နိုင်ပွဲတွေရရှိနေတယ်လို့ ယုံကြည်ထားပါတယ်။ အနိမ့်အမြင့်၊ အတက်အကျတွေ ကြုံတွေ့ရချိန်မှာ ကျွန်တော်တို့တွေ အတူရှိနေရမယ်ဆိုတာ ခင်ဗျားတို့လည်း သိကြပါတယ်။ ကိစ္စရပ်တွေ ကောင်းမွန်မှုမရှိဘူးဆိုရင်တောင် ကျွန်တော်တို့တွေ တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီနေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အခုလုပ်နေတဲ့အရာက အရမ်းကောင်းမွန်ပြီး ဒီလမ်းကြောင်းအတိုင်းပဲ ကျွန်တော်တို့ ဆက်သွားရပါမယ်။ ကျွန်တော်တို့ရဲ့အလုပ်တွေ တစ်ခုမှမပြီးမြောက်သေးတာကြောင့် ဒီလိုပုံစံအတိုင်းပဲ ဆက်သွားရပါမယ်။ ကျွန်တော်တို့တွေ ထူးခြားတဲ့အရာတစ်ခုခု မလုပ်နိုင်ခဲ့ပါဘူး။ အခုအချိန်မှာတော့ ကျွန်တော်တို့တွေ နိုင်ပွဲရရှိဖို့ လိုအပ်နေပြီး ဒါကပဲ အဓိကအချက်ဖြစ်ပါတယ်။ ကျွန်တော်တို့က ပြိုင်ဘက်တိုင်းကို အနိုင်ယူနိုင်ရေး ကြိုးစားသွားရပါမယ်။ အထူးသဖြင့် လာမယ့်ပွဲစဉ်က ကျွန်တော်တို့အတွက် နောက်ထပ်ဗိုလ်လုပွဲတစ်ပွဲပါပဲ”လို့ ပြောပါတယ်။
လူတန်တောင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ရတဲ့ပွဲစဉ်နဲ့ပတ်သက်လို့ အိုနာနာက “ကွင်းသေးသေးလေးထဲမှာ ခက်ခဲတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ကစားခဲ့ရပါတယ်။ သူတို့ရဲ့အိမ်ကွင်းမှာ ကစားရတဲ့ပွဲစဉ်တိုင်း ပြိုင်ဘက်တွေအတွက် ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ခက်ခဲမယ့်ပွဲစဉ်တစ်ခုဖြစ်လာဖို့ မျှော်လင့်ထားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် အမြဲတမ်းပြောခဲ့ဖူးသလိုပါပဲ၊ အသင်းမှာ အရည်အသွေးကောင်းတွေ ရှိပါတယ်။ နိုင်ပွဲတွေ အတွက် ကျွန်တော် ပျော်ရွှင်မိသလို အခုဘောလုံးရာသီကို ဒီပုံစံအတိုင်း ဆက်သွားနိုင်ဖို့ မျှော်လင့်မိပါတယ်။ ဒီနိုင်ပွဲက ကျွန်တော်တို့ကို ယုံကြည်မှုတွေ ပိုမိုပေးစွမ်းပါတယ်။ အထူးသဖြင့် ဒီလိုပွဲစဉ်မျိုးမှာ အနိုင်ရရှိလိုက်ချိန် ကျွန်တော်တို့အားလုံး ပျော်ရွှင်ကျေနပ်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတာ့ ဒီသုံးမှတ်က ထိပ်ဆုံးလေးသင်း စာရင်းဝင်ဖို့ ရင်ဆိုင်တိုက်ခိုက်နေရတဲ့ ကျွန်တော်တို့အတွက် အရမ်းအရေးပါနေလို့ပါ။ ဒါပေမယ့် ကျွန်တော် ပြောခဲ့သလိုပါပဲ၊ ကျွန်တော်တို့အားလုံး ဒီပုံစံကောင်းကို အမြဲတမ်းဆက်ထိန်းထားသွားနိုင်ရပါမယ်။ ဒါက ကျွန်တော်တို့အတွက် ပြင်းပြတဲ့ စိတ်အားလှုံ့ဆော်မှုတစ်ခုဖြစ်ပြီး ကျွန်တော်တို့ကို ပျော်ရွှင်ကျေနပ်စေပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။