
The network connection is lost.

ယနေ့မနက် အစောပိုင်းက ဇီဗက်ဇ်ဒါနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ချက်စတာစီးတီး ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားဟာ ပထမပိုင်းမှာပဲ ဒဏ်ရာ ရရှိခဲ့တာကြောင့် အသင်းအနေနဲ့ ဒဏ်ရာရရှိနေတဲ့ အဓိကကစားသမားတွေများပြားလာလို့ ဒုက္ခနဲ့ကြုံတွေ့နေရပြီလို့ နည်းပြ ပက်ဂွါဒီယိုလာက ပြောကြားခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ ဆာဘီးယားချန်ပီယံများနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်မှာ ပထမပိုင်းအတွင်း ပွဲကစားချိန် ၄၄ မိနစ်မှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတာကြောင့် အရန်ကွင်းလယ်ကစားသမား ၆ ဦးသာရှိတဲ့ မန်စီးတီးရဲ့အရန်ခုံတန်းမှ အသင်းဖော် ဒိုကူနဲ့ လူစားလဲခဲ့ရတာဖြစ်ပါတယ်။ သို့သော် ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ ဂွါဒီယိုလာက ဆေးလ်ဗားဟာ ရက်သတ္တပတ်အနည်းငယ်အတွင်း ပြန်လည်ပွဲထွက်နိုင်မယ်လို့ မျှော်လင့်ထားကြောင်းပြောကြားခဲ့ပါတယ်။
ပေါ်တူဂီကွင်းလယ်လူကို ထပ်မံဆုံးရှုံးလိုက်ရခြင်းက သမိုင်းဝင်ဖလား ၃ လုံးချန်ပီယံတွေအတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်ဖြစ်လာပြီး အသင်းရဲ့ လက်ရှိဒဏ်ရာရ လူစာရင်းမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ကယ်ဗင်ဒီဘရိုင်း၊ ဂျက်ခ်ဂရီးလစ်ရှ်၊ ကိုဗာဆစ်နဲ့ ဂျွန်စတုန်းစ်တို့ပါဝင်နေတာဖြစ်ပါတယ်။ ဂွါဒီယိုလာက ဒဏ်ရာရ ကစားသမားစာရင်းထဲမှ ကွင်းလယ်လူကိုဗာဆစ်ဟာ ပြန်လည်ကစားနိုင်ဖို့အနီးစပ်ဆုံးဖြစ်တယ်လို့ အသိပေးခဲ့ပြီး အခက်အခဲတွေကြုံတွေ့နေရသော်လည်း အသင်းကို ဆက်လက်တွန်းအားပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဂွါဒီယိုလာက "ကျွန်တော်တို့ ဒုက္ခရောက်နေပါတယ်။ ဒါပေမယ့်ကျွန်တော်ကတော့ 'ငါတို့မှာ ဒဏ်ရာရကစားသမားတွေ အများကြီးပဲဟ' ဆိုပြီးဆင်ခြေတွေပေးနေမှာ မဟုတ်ပါဘူး။ ဒါကဒီလိုပဲဖြစ်နေကျပါ။ အသင်းမှာရှိတဲ့ ကစားသမားတွေနဲ့ပဲ ရှေ့ဆက်သွားမှာပါ။ ဒီလိုစိတ်ဓာတ်ရှိနေသ၍ အသင်းက ကစားပုံကောင်းနေဦးမှာသေချာပါတယ်။ ကျွန်တော်တို့မှာ အဓိက ကစားသမား ၅ ဦးအထိ ဒဏ်ရာရရှိနေတာကြောင့် ဒီအခြေအနေကို အချိန်အတော်ကြာ ထိန်းသိမ်းထားနိုင်ဖို့ကတော့ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် တစ်ခါတလေ ဒီလိုမျိုးဖြစ်တတ်ပါတယ်။ ကယ်ဗင်ဒီဘရိုင်းက အချိန်အတော်ကြာဦးမယ်၊ ဂျွန်စတုန်းစ်က ပြန်ကစားနိုင်ဖို့ အချိန်လိုပါတယ်၊ ကိုဗာဆစ်ကတော့ မကြာခင်ပြန်လာတော့မှာပါ။ ဂျက်ခ် ကတော့ ၁ ပတ်ကနေ ၁၀ ရက်အတွင်း ပြန်ကစားနိုင်ချေရှိပေမယ့် အခြေအနေကို စောင့်ကြည့်ဖို့လိုအပ်ပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။
ဒဏ်ရာပြဿနာတွေကြုံတွေ့နေရသော်လည် မန်စီးတီးဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး ရာနှုန်းပြည့်နိုင်ပွဲရယူထားတာကြောင့် ပြီးပြည့်စုံတဲ့ ရာသီစတင်မှုကို ပုံဖော်ထားနိုင်ပြီး လာမယ့်စနေနေ့မှာတော့ နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
သို့သော် ယခုလအကုန်မှာတော့ မန်စီးတီးဟာ ပွဲများစွာကစားရဖို့ ရှိနေပြီး နောက်အပတ် ဝုဗ်နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲစဉ် မတိုင်ခင်မှာ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်အဖြစ် နယူးကာဆယ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါပွဲစဥ်အပြီးမှာတော့ နောက်ထပ်ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လိုက်ပ်ဇစ်နဲ့ ကစားရဖို့ရှိနေပြီး အောက်တိုဘာလရဲ့ ပထမဆုံးပွဲစဉ်ကိုတော့ အာဆင်နယ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။