The network connection is lost.

Banner Image

၂၀၂၆ ဇန်နဝါရီမှာ ဘိုင်ယန်မြူးနစ်မှ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၆၀ နဲ့ထွက်ခွာနိုင်မယ့် ဟယ်ရီကိန်း

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ လက်ရှိမှာအသင်းနဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၈၀ နဲ့ သဘောတူညီချက်ပြုလုပ်ထားပေမယ့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာတော့ စာချုပ်ဖျက်သိမ်းကြေးကို ယူရိုသန်း ၆၀ အထိလျှော့ချဖို့ သဘောတူညီချက်အသစ်ပြုလုပ်ထားတယ်လို့သိရပါတယ်။ ဂျာမန်သတင်းတွေရဲ့ဖော်ပြချက်အရ ကစားသမားအနေနဲ့ လက်ရှိ ဘိုင်ယန်မြူးနစ်မှာပျော်ရွှင်နေပေမယ့် အသင်းကနေထွက်ခွာလိုချိန်မှာ အခက်အခဲမရှိစေဖို့ အခုလိုစီစဉ်ခဲ့တယ်လို့သိရပါတယ်။ သို့သော်လည်း ဘိုင်ယန်မြူးနစ်အနေနဲ့ အဆိုပါသဘောတူညီချက်အသစ်ကို လာမယ့် ၂၀၂၄-၂၅ ရာသီအကုန် နွေရာသီအပြောင်းအရွှေ့ကာလမှာ အသက်သွင်းသွားမှာမဟုတ်ဘဲ ၂၀၂၆ ဇန်နဝါရီလမှသာ ခွင့်ပြုသွားမှာဖြစ်ပါတယ်။ 

ကိန်းဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ တော့တင်ဟမ်မှထွက်ခွာလာခဲ့ပြီး ဘိုင်ယန်မြူးနစ်သို့ ပေါင်သန်း ၁၀၀ နဲ့ပြောင်းရွှေ့လာခဲတာဖြစ်ပါတယ်။ တော့တင်ဟမ်အနေနဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ကို ပြန်လည်ဝယ်ယူခွင့်ရဖို့ သဘောတူညီချက်ပြုလုပ်ခဲ့ပေမယ့် ကစားသမားရဲ့တန်ကြေးကိုတော့ ဘိုင်ယန်မြူးနစ်နဲ့ ညှိနှိုင်းဖို့လိုအပ်သွားဦးမှာဖြစ်ပါတယ်။ 

ဒါကြောင့် စွယ်စုံရတိုက်စစ်မှူးဟာ ဘိုင်ယန်မြူးနစ်ကနေထွက်ခွာလာခဲ့ပါက ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေဖြစ်တဲ့ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ထံ ပြောင်းရွှေ့ဖို့ အခွင့်အရေးရှိနေပါသေးတယ်။ ချဲလ်ဆီး၊ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ ကိန်းကို ကာလရှည်ပစ်မှတ်ထားနေခဲ့ကြတာဖြစ်ပြီး မကြာသေးမီကပြီးဆုံးခဲ့တဲ့ ဆောင်းရာသီဈေးကွက်မှာလည်း ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ 

ကိန်းဟာ လက်ရှိပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးကစားသမား အလန်ရှီးယားကိုလိုက်မီဖို့ ၄၇ ဂိုးသာ လိုအပ်တော့တာကြောင့် အင်္ဂလန်မြေသို့ပြန်လာပြီး သူ့ရဲ့ဂိုးသွင်းစံချိန်ကို ဆက်လက်တိုးမြှင့်နိုင်ဖို့ အခွင့်အရေးလည်းရှိနေပါတယ်။လက်ရှိ ဘိုင်ယန်မြူးနစ်မှာလည်း ကစားသမားဟာ ထိပ်တန်းဂိုးသွင်းစွမ်းရည်ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး ၇၂ ပွဲကစားပြီးချိန်မှာ ဂိုး ၇၀ အထိသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာပဲ ကစားသမားဟာ မေဂျာလိဂ်ကလပ်သို့ပြောင်းရွှေ့ဖို့ အလားအလာရှိနေတယ်လို့လည်း သတင်းတွေထွက်ပေါ်ထားပါတယ်။ ဘိုင်ယန်မြူးနစ်အနေနဲ့လည်း အသင်းကနေထွက်ခွာနိုင်ချေရှိတဲ့ ကိန်းနေရာမှာအစားထိုးဖို့ လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်ဆကိုကို ပစ်မှတ်ထားနေပြီလို့သိရပါတယ်။