လီဗာပူးအသင်းအတွက် အတက်အကျသဘာ၀တွေကို လက်ခံနိုင်ရမယ်လို့ ပြောလာတဲ့ အီရာအိုလာ
အီရာအိုလာက ရာသီအစ ရုန်းကန်နေရပြီးနောက် အန်ဖီးလ်နည်းပြဘ၀ အစောပိုင်းကာလမှာ ပုံစံကောင်းတသမတ်တည်းဖြစ်အောင် ရှာဖွေနေချိန် လီဗာပူးအသင်းအတွက် အတက်အကျတွေ ရှိလာနိုင်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
ရာထူးမှထုတ်ပယ်ခံလိုက်ရတဲ့ အန်းစလော့ရဲ့နေရာကို အစားထိုးဝင်ရောက်လာတဲ့ ဘုန်းမောက်နည်းပြဟောင်းက အစ်ဆွစ်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ကို စိတ်လှုပ်ရှားဖွယ် အနိုင်ယူပြီးနောက် ကျန်ခဲ့တဲ့သီတင်းပတ်ပိတ်ရက်မှာတော့ ဖူလ်ဟမ်နဲ့ ဂိုးမရှိသရေကျကာ စိတ်ပျက်ဖွယ် အဆုံးသတ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ပိုင်းနဲ့ အနည်းငယ်အလှမ်းဝေးလာတဲ့ လီဗာပူးအသင်းက ဒီညမှာတော့ ကာရာဘောင်ဖလားတတိယအဆင့်ပွဲစဉ်အဖြစ် တိုက်စစ်ပိုင်းအခက်ကြုံနေတဲ့ တော့တင်ဟမ်ကို အိမ်ကွင်းအန်ဖီးလ်မှာ ဧည့်ခံကစားသွားရပါမယ်။
"ကျွန်တော်တို့ကိုယ်တိုင်လည်း စိတ်ပျက်ခဲ့ရလို့ ပြီးခဲတဲ့ရက်ပိုင်းမှာ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရတယ်ဆိုတာကို ကျွန်တော် နားလည်ပါတယ်" လို့ အီရာအိုလာက ပြောပါတယ်။
"ကျွန်တော်တို့ ကောင်းမွန်တဲ့ပွဲစဉ်နှစ်ခုကို ဖြတ်သန်းခဲ့ပြီးနောက် ရှေ့တစ်လှမ်းတိုးနိုင်ခဲ့ပြီလို့ တွေးခဲ့ကြပါတယ်။ အက်သလက်တီကိုမက်ဒရစ်ပွဲစဉ်မှာ ရှေ့တစ်လှမ်းတိုးနိုင်ပေမဲ့ အခုတော့ နောက်ကို တစ်လှမ်းပြန်ဆုတ်လိုက်သလို ဖြစ်သွားပါတယ်"
"ကစားပုံစွမ်းဆောင်ရည်လည်း အရင်နှစ်ရက်လို မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ဒါက ဘောလုံးလောကမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒီလုပ်ငန်းစဉ်မှာ အတက်အကျတွေ ရှိလာနိုင်တယ်ဆိုတာကို ကျွန်တော်တို့ လက်ခံရပါလိမ့်မယ်"
"ဒါပေမဲ့ ကျွန်တော်တို့သွားချင်တဲ့ ပန်းတိုင်ကတော့ အက်သလက်တီကိုမက်ဒရစ်၊ အစ်ဆွစ်တို့နဲ့ပွဲစဉ်တွေမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ပုံစံမျိုး ဖြစ်တယ်ဆိုတာ ရှင်းပါတယ်။ အဲ့ဒါက ကျွန်တော်တို့လိုချင်တဲ့ ကစားဟန်နဲ့ ဘောလုံးပုံစံပါပဲ။ အခုအချိန်မှာ အဓိကသော့ချက်က ဒီလိုပုံစံကောင်းကို ပုံမှန်ထိန်းသိမ်းပြသနိုင်ဖို့ပဲ ဖြစ်တယ်လို့ ထင်ပါတယ်"
ပြီးခဲ့တဲ့ဇွန်လအတွင်း မာဆေးဆိုဒ်မှာ တာဝန်ယူခဲ့တဲ့ လီဗာပူးနည်းပြက နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ဘာကိုလာ၊ ဂျက်ကွက်နဲ့ မူနော့ဇ်တို့ကို ခေါ်ယူအားဖြည့်နိုင်ခဲ့လို့ လက်ရှိလူစာရင်းပိုင်းကို ကျေနပ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
အီရာအိုလာက ပွဲထွက်ဂိုးသမားအလီဆင်ရဲ့နေရာမှာ မာမာဒါရှီဗီလီ ပွဲထွက်ကစားမယ်လို့ အတည်ပြုရင်း ပြိုင်ပွဲစုံမျှမျှတတ ကစားနိုင်ဖို့အတွက် တော့တင်ဟမ်နဲ့ပွဲစဉ်မှာ လူစာရင်းပိုင်း အပြောင်းအလဲတွေ ပြုလုပ်သွားမယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
သူက "လက်ရှိလူစာရင်းအပေါ် အလွန်ကျေနပ်မိသလို ကျွန်တော်တို့မှာ ရှိနေတဲ့ ကစားသမားတွေကိုလည်း အရမ်းတန်ဖိုးထားပါတယ်။ အကယ်၍ ကျွန်တော်တို့ ပွဲတွေ အနိုင်ရရင်တော့ ဒီလူစာရင်းက တကယ့်ကို အံ့ဩစရာကောင်းမွန်နေပါလိမ့်မယ်" လို့ ဆိုပါတယ်။
"အကယ်၍ ကျွန်တော်တို့ နိုင်ပွဲမရရင်တော့ လူအင်အားမပြည့်စုံတာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ပြဿနာတွေ ရှိလာမှာပါပဲ။ ဒါပေမဲ့ မနက်ဖြန်ပွဲမှာ ကျွန်တော်တို့ အခုထိ မမြင်ဖူးသေးတဲ့ ကစားသမားတွေကို တွေ့ရလိမ့်မယ်လို့ ထင်ပါတယ်၊ သူတို့ ကောင်းကောင်းကစားနိုင်မယ် ဒါမှမဟုတ် ကျွန်တော်တို့ကို ကူညီပေးနိုင်မယ်လို့ ခံစားရပြီး အခုထိ အခွင့်အရေး မရသေးတာဖြစ်လို့ သူတို့ကို မြင်တွေ့ရဖို့အတွက်လည်း တကယ် မျှော်လင့်နေပါတယ်" လို့ ပြောပါတယ်။